အဖီအဆွယ်တွဲ၍ဆောက်လုပ်ထားသော အဆောက်အအုံများတွင် အထပ်မြင့်အိမ်ရာများမှမြေညီထပ်များက ထိပ်ဆုံးမှပါဝင်သည်။ ဤသည်ကလည်း သဘာဝကျ၏။ မြေညီထပ်တိုက်ခန်းရှင်မှသာ အခန်း၏ ရှေ့နောက်ဝဲယာမှ မြေသားမြေလွတ်များနှင့် သက်ဆိုင်မှုရှိသည်။ သက်ဆိုင်မှုတိုက်ရိုက်မရှိသည်ထားဦး အခြားသောအထပ်များမှအခန်းများထက်တော့ သွယ်ဝိုက်သက်ဆိုင်မှုရှိနေသည်သာ။ နောက်ပြီး အဖီအဆွယ်ထုတ်သည်ဆိုခြင်းမှာလည်း မြေသားထုထည်ပေါ်တည်မှီပြီးမှသာ ဆောက်လုပ်၍ရနိုင်သည်မဟုတ်ပါလား။ သည်တော့ အဖီအဆွယ်ထုတ်ထားသည့် အဆောင်ပိုကို နှစ်သက်သလိုစီမံခန့်ခွဲပိုင်ခွင့်ရှိသူမှာ မြေညီထပ်အခန်းရှင်များသာဖြစ်လေတော့သည်။ တိုက်ခန်း၏ ရှေ့နောက်နှင့် ဘေးတစ်ဖက်ကို ခြံစည်းရိုးခတ်၍ အမိုးမိုးထားသောဧရိယာသည် နည်းလှသောဧရိယာတော့မဟုတ်။ လူဦးရေထူထပ်လာသဖြင့် ကျောချစရာနေရာပင် ကျဉ်းကြုတ်ပါးရှားလာသော ယနေ့ခေတ်ကြီးတွင် ထိုသို့သောအဖီအဆွယ်ဧရိယာတို့က သွားရည်ကျစရာ။
တိုက်တန်းစတင်တည်ဆောက်စဉ်က တိုက်၏ ရှေ့နောက်ဝဲယာနေရာတို့သည် အများနှင့်သက်ဆိုင်သော Public area. များသာ။ မည်သည့်အထပ်မှသူများဖြစ်စေ အညောင်းပြေအညာပြေ လမ်းလျှောက်နိုင်သည်။ ကလေးငယ်လက်ဆွဲ၍ လမ်းလျှောက်သင်ပေးနိုင်သည်။
ကလေးများ ပြေးလွှားဆော့ကစားနိုင်သည်။ အနည်းငယ်ကျယ်ကျယ်လွင့်လွင့်ရှိသောနေရာများဆိုလျှင် ကာလသားများ ခြင်းဝိုင်း၊ ဘောလုံးဝိုင်း ဖွဲ့နိုင်၊ ဆော့ကစားနိုင်သည်။ မြေညီထပ်ပိုင်ရှင်က ခြံစည်းရိုးအခိုင်အမာကာရံလိုက်သောအခါတွင်တော့ ထိုအ၀န်းအ၀ိုင်းသည် Public area မှ Private area အဖြစ် အလိုအလျောက်ပြောင်းလဲသွားရကား အများနှင့်မသက်ဆိုင်သောနေရာအဖြစ် ရောက်ရှိသွားတော့၏။
အချို့မြေညီထပ်အခန်းရှင်များဆိုလျှင် ခြံစည်းရိုးခတ်ထားသောမြေနေရာအတွင်း ပန်းအလှပင်များစိုက်၊ ငှက်လှောင်အိမ်များ၊ ငါးမွေးကန်များဖြင့် မျက်စိပသာဒဖြစ်အောင် မွမ်းမံတန်ဆာဆင်ထားရာ လမ်းမမှဖြတ်သန်းသွားလာသူတို့၏အာရုံကို ကောင်းစွာဖမ်းစားနိုင်စွမ်းရှိသည်။
ထိုပန်းခြံကို အမိုးမိုးလိုက်ပြီး အကာအရံပါလုံခြုံစွာကာရံလိုက်သောအခါတွင်တော့ လူနေမလား၊ ကားထားမလား လုံခြုံစွာ နေနိုင်၊ ထားနိုင်သကဲ့သို့ အကာမကာဘဲ အမိုးချည်းမိုးထားသော ဆိုင်ငယ်လေးများလည်း အစီအရီ။
ထိုထိုသော ပန်းခြံငယ်များ၊ ဂိုဒေါင်ငယ်များ၊ ဆိုင်ခန်းငယ်များကို ရန်ကုန်ရှိဝန်ထမ်းအိမ်ရာတိုက်တန်းများတွင် လက်ညှိုးထိုးမလွဲတွေ့နိုင်သည်။ ဦးဝိစာရ၊ လမ်းသစ်ရိပ်သာ၊ ရန်ကင်း၊ ဖဆပလ . . . စသည်စသဖြင့်။ ခုနောက်ပိုင်းတွင်တော့ ပန်းခြံငယ်များပင်ရှားပါးသွားကာ လူဝင်လူထွက်ပြတ်လပ်သောနေရာများ၌ ဂိုဒေါင်ငယ်များထားရှိသည်မှအပ အဖီအဆွယ်အများစုမှာ ဆိုင်ခန်းငယ်များဖြစ်ကုန်ကြသည်။
အခန်းပိုင်ရှင်ကိုယ်နှိုက်က ဆိုင်ခန်းမဖွင့်ဖြစ်သည့်တိုင် နေရာထိုင်ခင်းအကွက်အကွင်းပေါ်မူတည်၍ အခကြေးငွေသတ်မှတ်ကာ ငှါးရမ်းဖွင့်လှစ်သောဆိုင်များ ပေါ်လာကြသည်။
ဝန်ထမ်းအိမ်ရာမဟုတ်သည့် ပုဂ္ဂလိကအိမ်ရာများဖြစ်သော ယုဇနဥယျာဉ်၊ မဟာမြိုင်၊ ရွှေဂုံရိပ်မွန်၊ ပြည်ရိပ်မွန် စသည်တို့၌လည်း ဆိုင်ခန်းငယ်များတစ်ဖြစ်လဲ အဖီအဆွယ်များကအပြိုင်းအရိုင်း။ မြေညီထပ်များ
ပေါက်ဈေးမြင့်မားရသည့် မြန်မာ့အိမ်ခြံမြေဈေးကွက်၏ ၀ိသေသ အကြောင်းရင်းများတွင် အဖီအဆွယ်အပိုဆောင်းရရှိခြင်းကလည်း တစ်ချက်အပါအ၀င်ဖြစ်တန်ရာသည်။
အကြင်သူသည် မြေညီထပ်အခန်းတစ်ခန်းကို ကာလပေါက်ဈေးပေး၍ ၀ယ်သည်ဖြစ်ငြားအံ့၊ မြေညီထပ်ပင်မအခန်းကို မှီ၍၊
နွှယ်၍ တိုးချဲ့ထားသော အဖီအဆွယ်ဧရိယာကိုပါ လက်ဝယ်ပိုင်ပိုင်ရရှိသည်သာ။
ဝန်ထမ်းအိမ်ရာများထဲတွင် ၀ိသေသ အနည်းငယ်ထူးခြားမှုရှိသည်ကတော့ သုဝဏ္ဏ၀န်ထမ်းအိမ်ရာများပင်ဖြစ်သတတ်။ သူက အခြားအိမ်ရာများလို အထပ်မြင့်တိုက်တန်းမဟုတ်။ တိုက်ခန်းများကို ခြောက်ခန်း၊ ရှစ်ခန်း စသည်ဖြင့် တွဲကာဆောက်လုပ်ထားသည့်တိုင် အားလုံးက မြေညီထပ်ချည်းဖြစ်နေ၏။
အပေါ်ထပ်တစ်ထပ်ပါသည်မှန်သော်လည်း အပေါ်ထပ်နှင့်အောက်ထပ်သည် တစ်ဆက်တည်းဖြစ်ရကား နှစ်လွှာစလုံးကို တစ်ခန်းတည်းကသာပိုင်သည်။ သည်တော့ တိုက်တန်းအတွင်းရှိအခန်းရှင်များအနေဖြင့် မိမိအိမ်နံရံကိုအမှီပြု၍ဆွဲသောအဖီ၏ဧရိယာသည် Public area သော ဘာသော သောတစ်ရာ့ခြောက်ဆယ် သောက်သောက်လည်ကို ထည့်သွင်းစဉ်းစားရန်မလိုဘဲ Pure private area အဖြစ် ခံ့ခံ့ကြီးဂုဏ်ခံနိုင်၏။ ထောင့်ဆုံးနှစ်ခန်းမှလွဲ၍ အလယ်ခန်းအားလုံးသည် အုတ်သားနံရံတစ်ချပ်သာခြားသော ဘေးခန်းကြောင့် နံဘေးသို့ချဲ့အားမရှိသည့်တိုင် အခန်းရှေ့နှုင့်နောက်တွင်ရှိသောမြေပမာဏအပြည့် ပိုင်ဆိုင်သည်ဟု မှတ်ယူနိုင်သည်။ လမ်းနယ်နိမိတ်အစပ်မှ မိမိအိမ်နံရံအဆုံး ကြားမှမြေပမာဏသည် မိမိလွတ်လပ်စွာစီမံပိုင်ခွင့်ရှိသောမြေဖြစ်၏။
ထောင့်ဆုံးအခန်းနှစ်ခန်းမှာကား သဘာဝကပေးသောလက်ဆောင်မွန်၏ အနှစ်ရသကို အပြည့်အ၀ရယူခံစားရသောအခန်းများဖြစ်ဘိသည်။ တိုက်ခန်းအားလုံး၏အတွင်းအကျယ်အ၀န်းသည် ကိန်းသေဖြစ်ရကား ၁၃ ပေအကျယ်စီအသီးသီးညီတူညီမျှရသည်။ အရှည်က ၂၂ ပေ။ သို့သော် တိုက်တန်းတိုင်း၏ ရှေ့နောက်တွင် အနည်းဆုံးနေရာမှာပင် ၁၀ ပေစီတော့ မြေပိုရှိသည်။ အရှည်ဆုံးနေရာမှာဆိုလျှင် ပေ ၁၀၀ ကျော်သည်အထိရှိသည်။ များသောအားဖြင့် ရှေ့နောက်နှစ်ခုပေါင်း ပေ ၅၀ လောက်တော့ မြေပိုရှိကြမြဲ။ ဒါက ဘေးသို့မဆန့်နိုင်သည့်အလယ်ခန်းတို့၏ ပိုင်ဆိုင်မှုပမာဏ။ ဘေးအစွန်ခန်းတွေကျတော့ ရှေ့နောက်အကျယ်အ၀န်းကို အခြားအခန်းများနည်းတူရရုံမျှမက ဘေးဘက်မြေပိုကလည်း အဆစ်ပါလာသေး၏။ တိုက်တန်းများကိုစဆောက်စဉ်ကတည်းက တစ်တိုက်နှင့်တစ်တိုက် ပိကပ်စေ့ညပ်နေအောင်ဆောက်ခြင်းမဟုတ်ဘဲ ကြားမှမြေပိုချန်ကာဆောက်ပေးထားခြင်းဖြစ်ရကား ချန်ပေးထားသောဆိုခဲ့ပါမြေပိုများသည် မြေတန်ဖိုးကြီးလှသောယနေ့ခေတ်တွင် ရွှေဖြစ်နေလေတော့သည်။
အကျဉ်းဆုံးမြေပိုဧရိယာသည်ပင် ၁၅ ပေခန့်ရှိနေသည်ဖြစ်ရာ ပင်မတိုက်ခန်းတစ်ခန်းစာအပိုထွက်သလိုဖြစ်နေ၏။ ဘေးမြေပို ၂၅ ပေ၊ ရှေ့နောက်မြေပို ပေ ၅၀ ရှိသော အစွန်ခန်းတစ်ခန်း၏လူနေဧရိယာစုစုပေါင်းသည် ၂၇၀၀ စတုရန်းပေကျော်ကျော်ရှိနေရာ ကွန်ဒိုတိုက်ခန်းအလတ်စားတစ်ခန်းမျှလောက်ဖြစ်နေသည်။ ဤသည်မှာ တစ်ထပ်စာအကျယ်အ၀န်းမျှသာရှိသေးသည်။ နှစ်ထပ်သာဆို စဉ်းစားကြည့်ပေရော့။ သို့ကြောင့်လည်း သုဝဏ္ဏတွင် ထောင့်ဆုံးအစွန်ခန်းပိုင်ဆိုင်သူတို့ မျက်နှာမော့နေရခြင်း။ အလယ်ခန်းပိုင်သူအနေဖြင့်လည်း သိပ်တော့မဆိုး။ ရှေ့နောက် ပေ ၅၀ မြေပိုရှိသည်ပဲထား စတုရန်းပေ ၉၀၀ ကျော်မို့ နှစ်ထပ်အပြည့်သာဆို သူလည်း ကွန်ဒိုတိုက်ခန်းငယ်တစ်ခန်းစာတော့ အသာလေး။ သုဝဏ္ဏနေဒေသခံတို့က သူတို့အခန်းများမှတိုးချဲ့ဆောက်လုပ်ထားသော အဆောက်အအုံကို အဖီအဆွယ်ဟု သုံးလေ့သုံးထမရှိ။ အဆောင်ထုတ်သည်ဟုသာ သုံးနှုန်းကြသည်။
အဖီအဆွယ်ဆွဲသည်ပြောပြော၊ အဆောင်ထုတ်သည်ဟုပဲဆိုဆို မူလပုံစံမှသွေဖည်ကာတိုးချဲ့ဆောက်လုပ်ထားသော အဆောက်အအုံသည် တရားဝင်ခြင်းစည်းဘောင်အတွင်းမှကင်းလွတ်နေသည်ကတော့ အမှန်ပင်ဖြစ်၏။ လူနေတိုက်တန်းများစတင်တည်ဆောက်ချိန်က ထိုတိုက်တွင်နေထိုင်မည့်မိသားစုအသီးသီး၏ လူနေမှုအနေအထားအပေါ်မူတည်ကာ ရေစီးရေလာစနစ်၊ မိလ္လာစနစ်၊ ရေဆိုးစွန့်ထုတ်စနစ်၊ မီးတားစနစ်တို့ ထည့်သွင်းတွက်ချက်ပြီး မြို့ပြပညာရှင်များနှင့် ဆောက်လုပ်ရေးပညာရှင်များ တိုင်ပင်အတည်ပြုဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ မိမိတိုက်ခန်းနံဘေးပတ်လည်ရှိမြေပိုကို မိမိပိုင်ဆိုင်မှုခေါင်းစဉ်အောက် ထည့်သွင်းလိုသောသဘောဖြင့် အဖီအဆွယ်များထုတ်လိုက်သောအခါ ဆိုခဲ့ပါစနစ်များပျက်ယွင်းခဲ့ရသည်။ ရေစီးမည့်မြောင်းများပိတ်ဆို့ခြင်း၊ ရေဆိုးစွန့်ပစ်မြောင်းများ တိမ်ကောသွားခြင်း၊ မိလ္လာစွန့်ထုတ်လမ်းကြောင်းများ ကမောက်ကမဖြစ်ကုန်ခြင်း စသည်တို့သည် အဖီအဆွယ်ထုတ်ခြင်း၏နောက်ဆက်တွဲအကျိုးရလဒ်များဖြစ်လာကြသည်။
နောက်ဆက်တွဲဆိုးကျိုးခံစားရသူများမှာ အဖီအဆွယ်ထုတ်သူများသာမကဘဲ ထိုအဖီအဆွယ်နှင့်လားလားမျှမသက်ဆိုင်သော အိမ်နီးနားချင်းတို့ဖြစ်နေသောအခါ ဒေသခံနေထိုင်သူများကြား ပွတ်တိုက်မှုပဋိပက္ခများ ပေါ်လာရသည်။ ထိုအခါ သက်ဆိုင်ရာတာဝန်ရှိသူများအဖို့ စည်းကမ်းနှင့်မညီသောအဖီအဆွယ်များကို အရေးယူဖျက်သိမ်းရန် အစပျိုးလုပ်ဆောင်လာရတော့သည်။ စည်ပင်ပိုင်မြေနယ်နိမိတ်ပေါ်ကျူးကျော်၍ဆွဲထားသော အဖီအဆွယ်များကို ဖျက်သိမ်းမည့်အစီအစဉ်ရှိကြောင်း စည်ပင်အသိုင်းအ၀ိုင်းမှကြားရ၏။ မြေပိုပမာဏကြောင့် ဈေးကွက်လှနေသည့် အဖီအဆွယ်များကြားတွင် စည်းကမ်းမဲ့အဖီအဆွယ်များ၏အနာဂတ်ကတော့ ရေရာခြင်းရှိနိုင်လိမ့်မည်မဟုတ်တော့ပေတကား။
ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com