အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့၊ ဘက်ကင်ဟမ်နန်းတော်အနီးတွင်ရှိသော တန်ဖိုးကြီးဇိမ်ခံနေအိမ်ကြီးတစ်လုံးကို ပေါင်သန်း ၁၅၀ (ကန်ဒေါ်လာ ၁၉၇ သန်း) ဖြင့် ရောင်းချရန် အရောင်းဈေးကွက်ဝင်လာကြောင်း လန်ဒန်အခြေစိုက် Evening Standard သတင်းစာတွင် ဖော်ပြသည်။
Admiralty Arch ဟု အမည်ပေးထားသော အဆိုပါနေအိမ်ကြီးသည် လန်ဒန်မြို့၏ ပြယုဂ်တစ်ခုလည်းဖြစ်နေပြီး ဘုရင် အက်ဒ်ဝပ် VII ၏ အမိန့်အရ ၁၉၁၂ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။
နေအိမ်တန်ဖိုးမှာ လန်ဒန်တွင် ဈေးအမြင့်ဆုံးဖြစ်နေပြီး စတုရန်းတစ်ပေလျှင် ပေါင် ၈၀၀၀ မှ ၉၀၀၀ ကြားအထိ ကျသင့်နေသည်။
နေအိမ်ဝယ်ယူသူအနေဖြင့် ဗြိတိန်အိမ်ခြံမြေ၀ယ်ယူမှုအခွန်အတွက်ပင်လျှင် ပေါင် ၁၆ သန်းကျော် ပေးဆောင်ရမည်ဖြစ်သည်။
ယင်းဈေးနှုန်းဖြင့်သာ အရောင်းအ၀ယ်ဖြစ်ခဲ့ပါက လန်ဒန်မြို့တွင်သာမက ဗြိတိန်တစ်ဝန်းတွင်လည်း စံချိန်တင်ပေါက်ဈေး ဖြစ်လာမည်ဖြစ်ပြီး လန်ဒန်မြို့နိုက်ဘရစ်ခ်ျအရပ်တွင်တည်ရှိသော One Hyde Park ကွန်ပလက်စ်ကို ၂၀၁၄ ခုနှစ်က ပေါင်သန်း ၁၄၀ ဖြင့် ရောင်းချခဲ့သည်ထက်ပင် ကျော်လွန်သွားမည် ဖြစ်သည်။
အဆိုပါနေအိမ်ကြီးတွင် ဗြိတိန်၏ နိုင်ငံရေးနှင့် စစ်ရေးခေါင်းဆောင်များဖြစ်သော ဆာဝင်စတန်ချာချီ၊ လော့ဒ် မောင့်ဘတ်တန်၊ လော့ဒ် ကာရင်တန်နှင့် လော့ဒ် ဟေးလ်ရှမ်းတို့ နေထိုင်သွားခဲ့ဖူးသည်။
နေအိမ်ကြီး၏ မျက်နှာကျက်များမှာ ၆ မီတာ (၁၉ ဒသမ ၆ ပေ) ခန့်အထိ မြင့်မားကာ မီးလင်းဖိုများမှာ မူလစတင်ဆောက်လုပ်ခဲ့စဉ်က အတိုင်း မူရင်းမပျက်တည်ရှိဆဲဖြစ်ရာ နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိပြီ ဖြစ်သည်။
ယင်းနေအိမ်ကြီးသို့ ဘုရင်မကြီး အဲလစ်ဇဘက် II လာရောက်လည်ပတ်ဖူးပြီး ဂျိမ်းစ်ဘွန်းဇာတ်လမ်းတွဲများကို ရေးသားခဲ့သည့် စာရေးဆရာ အီယမ် ဖလဲမင်းလည်း လာရောက်နေထိုင်စာရေးဖူးသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)