One Direction အဖွဲ့မှ ရှေ့ထွက်အဆိုတော် ဟယ်ရီစတိုင် ပိုင်ဆိုင်သော နေအိမ် ကန်ဒေါ်လာ ၃ ဒသမ ၁၇၅ သန်းဖြင့် အရောင်းဈေးကွက်သို့ ၀င်ရောက်လာကြောင်း လော့စ်အိန်ဂျလိအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ဟယ်ရီစတိုင်၏ နေအိမ်တည်ရှိရာမှာ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့၊ ဘီဗာလီဟေးလ်တွင် ဖြစ်သည်။
နေအိမ်အကျယ်အ၀န်းမှာ စတုရန်းပေ ၃၀၀၀ ရှိပြီး အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၃ ခန်းပါဝင်သည်။
ကြမ်းပြင်မှ မျက်နှာကျက်အထိမြင့်မားသော ပြတင်းပေါက်များ၊ မြက်ခင်းကျယ်ခြံဝန်း၊ ရေငန်ရေကူးကန်အစရှိသည်တို့ ပါဝင်သည်။
ခြံဝန်းအတွင်းတွင် ဧည့်ဂေဟာတစ်ခုလည်း ပါဝင်ပြီး စာကြည့်တိုက်ခန်း၊ အားကစားလေ့ကျင့်ခန်းမတို့လည်း ပါဝင်သည်။
အဆိုပါနေအိမ်နှင့် ကပ်လျက်တွင် ကမ္ဘာကျော် G.I. Joe: The Rise of Cobra ဇာတ်ကားမှ သရုပ်ဆောင် ချန်နင်း တေးတမ်၏ နေအိမ်တည်ရှိသည်။
စတိုင်သည် ဤနေအိမ်ကို ၂၀၁၄ ခုနှစ်အတွင်းက ၀ယ်ယူခဲ့ခြင်းဖြစ်ပြီး ကန်ဒေါ်လာ ၄ သန်းဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်ရာ ယခုခေါ်ဈေးမှာ အရှုံးခံ၍ ရောင်းချခြင်းဖြစ်သည်ဟု ဆိုရမည် ဖြစ်သည်။
စတိုင်သည် လန်ဒန်တွင်လည်း တန်ဖိုးကြီး နေအိမ်များ ပိုင်ဆိုင်ထားသူဖြစ်သည်။
စတိုင်၏ နာမည်အပြည့်အစုံမှာ ဟယ်ရီအက်ဒ်ဝါ့ဒ်စတိုင်ဖြစ်ပြီး ၁၉၉၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် အင်္ဂလန်နိုင်ငံ၊ ဝေါ်ဆက်စတာရှိုင်းယားတွင် မွေးဖွားသည်။
တေးဆိုတစ်ဦးအဖြစ် ပထမဆုံးထုတ်လုပ်ခဲ့သော အယ်လ်ဘမ်မှာ One Direction အဖွဲ့နှင့် သီဆိုခဲ့ခြင်းမဟုတ်ဘဲ သူ၏ တေးဂီတ၀ိုင်း White Eskimo ဖြင့် သီဆိုခဲ့ခြင်း ဖြစ်သည်။
အဆိုပါတီးဝိုင်းဖြင့် ချက်စ်ရှိုင်းယားတွင် ဖျော်ဖြေမှုများ ပြုလုပ်ခဲ့ကြသည်။
ဟယ်ရီစတိုင်သည် ဗြိတိသျှတေးဆိုပြိုင်ပွဲအစီအစဉ်ဖြစ်သော The X Factor တွင် ၀င်ရောက်ယှဉ်ပြိုင်ရင်း One Direction အဖွဲ့သားများ ဖြစ်လာမည့်သူများနှင့် ဆုံစည်းခဲ့ခြင်းဖြစ်သည်။
One Direction အဖွဲ့ကို The X Factor တွင် တွေ့ဆုံခဲ့ကြသော ဟယ်ရီစတိုင်၊ နီအယ်လ် ဟိုရန်၊ ဇန်မာလစ်၊ လီယမ်ပိန်း၊ လူးဝစ် တွမ်လင်ဆန်တို့ဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
One Direction အဖွဲ့ကို ဖွဲ့စည်းပြီးနောက်ပိုင်း တေးအယ်လ်ဘမ် ၅ ခု ထုတ်လုပ်ခဲ့ပြီးဖြစ်ရာ စီးပွားရေးအရအလွန်အောင်မြင်ခဲ့သည်။
One Direction သည် ကမ္ဘာလှည့်ဂီတဖျော်ဖြေပွဲ ၂ ကြိမ်ပြုလုပ်ပြီးခဲ့ပြီဖြစ်ပြီး Brit Awards ဆု ၅ ကြိမ်၊ MTV Video ဂီတဆု ၄ ကြိမ်အပါအ၀င် အခြားဆုပေါင်းများစွာ ရရှိခဲ့ပြီး ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)