အီရန်နိုင်ငံတွင် ၁၂၀၀ ကီလိုမီတာ ( ၇၄၅ မိုင်) ရှည်လျားသော ယူရို ၃ ဒသမ ၆ ဘီလီယံ (ကန်ဒေါ်လာ ၄ ဘီလီယံ) တန်ကြေးရှိ အဝေးပြေးလမ်းမကြီးဖောက်လုပ်ရန် အီရန်အစိုးရနှင့် အီတလီကုမ္ပဏီ Anas တို့ သဘောတူစာချုပ်ချုပ်ဆိုလိုက်ကြကြောင်း အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အဆိုပါကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ ၂၀၂၂ ခုနှစ်တွင် ကီလိုမီတာ ၃၅၀ ပြီးစီးမည်ဖြစ်ကာ ယူရိုသန်း ၆၀၀ ကုန်ကျမည်ဖြစ်သည်ဟု ဆိုသည်။
ပင်လယ်ကွေ့ဆိပ်ကမ်းမြို့ဖြစ်သော ဘန်ဒါ အီမန် ခိုမေနီမြို့မှ အီရန်-တူရကီနယ်စပ်မြို့ဖြစ်သော ဘာဇာဂါမြို့အကြား ဆက်သွယ်ပေးမည့် လမ်းမကြီး ဖြစ်သည်။
ပြီးခဲ့သော ဇန်န၀ါရီလအတွင်းက အီရန်သမ္မတ ဟာဆန်ရိုဟာနီသည် ပထမဆုံး ဥရောပခရီးစဉ်အဖြစ် အီတလီသို့ သွားရောက်ခဲ့စဉ် အတွင်း အီရန်စီးပွားရေးကဏ္ဍတွင် ၀င်ရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။
အီတလီဝန်ကြီးချုပ် မာတီယို ရန်ဇီကလည်း ဧပြီလအတွင်းတွင် အီရန်သို့ အလည်အပတ်ခရီးစဉ်သွားရောက်ခဲ့ရာ၌ အီတလီစီးပွားရေးလုပ်ငန်းရှင်ကြီးများ လိုက်ပါခဲ့သည်။
ယခုစီမံကိန်းအတွက် နားလည်မှုစာချွန်လွှာကို ဖေဖော်ဝါရီလအတွင်းကပင် လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ပြီး သဘောတူစာချုပ်ကို အီရန် လမ်းတံတားဝန်ကြီးဌာနနှင့် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း Anas ကုမ္ပဏီက ထုတ်ပြန်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။