ကမ္ဘာ့ထိပ်တန်းမြို့ကြီး ၆ မြို့တွင် မကြာမီတွင် ဆိုးလ်ပါဝင်ကာ ၇ မြို့ဖြစ်လာဖွယ်ရှိကြောင်း သုံးသပ်ချက်များထွက်ပေါ်နေလျက် ရှိကြောင်း ဘန်ကောက်အခြေစိုက်အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
တောင်ကိုရီးယားနိုင်ငံ၏ မြို့တော်ဖြစ်သော ဆိုးလ်သည် ကမ္ဘာ့အကြီးမားဆုံးနည်းပညာကုမ္ပဏီ နှစ်ခုဖြစ်သော ဆမ်ဆောင်းနှင့် အယ်လ်ဂျီတို့ အခြေစိုက်ရာဖြစ်သော်လည်း အခြားအာရှခေတ်ပြိုင်မြို့ကြီးများဖြစ်သည့် ဟောင်ကောင်၊ စင်္ကာပူနှင့် တိုကျိုတို့နောက်တွင် ခြေတစ်လှမ်းနောက်ကျ ကျန်ရစ်လျက်ရှိသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
သို့ရာတွင် အိမ်ခြံမြေကဏ္ဍရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အတိုင်ပင်ခံအဖွဲ့ဖြစ်သော Jones Lang LaSalle (JLL) မှ ထုတ်ပြန်ခဲ့သော စစ်တမ်းတစ်ရပ်အရ ဆိုးလ်၏ ဖွံ့ဖြိုးမှုကြောင့် ကမ္ဘာ့ထိပ်တန်းမြို့ကြီးများစာရင်းတွင် ပါဝင်လာနိုင်ဖွယ်ရှိကြောင်း သုံးသပ်ထားသည်။
Jones Lang LaSalle (JLL) ၏ လေ့လာချက်အရ ဆိုးလ်တွင် အောင်မြင်သော ပြည်တွင်းစီးပွားရေးလုပ်ငန်းများများစွာရှိလာခြင်း၊လူ့စွမ်းအားအရင်းအမြစ်အားကောင်းခြင်းတို့ဖြင့် လျင်မြန်စွာတိုးတက်လာကာ အရှေ့အာရှတွင် တိုကျိုကဲ့သို့ ထိပ်တန်းအရောက်ဆုံး စီးပွားရေးကဏ္ဍဖြစ်တည်လာလျက်ရှိသည်ဟု ဆိုသည်။
အဆိုပါ ဖွံ့ဖြိုးမှုများကြောင့် ကမ္ဘာ့ထိပ်တန်းမြို့ကြီး ၆ မြို့ Big Six ဖြစ်သော ဟောင်ကောင်၊ လန်ဒန်၊ နယူးယောက်၊ ပဲရစ်၊ စင်္ကာပူနှင့် တိုကျိုမြို့ကြီးများစာရင်းတွင် ထပ်တိုးပါဝင်လာနိုင်ကြောင်း သုံးသပ်ထားသည်။
ဆိုးလ်သည် ကမ္ဘာပေါ်တွင် ကမ္ဘာလှည့်ခရီးသည် ၀င်ရောက်မှုအရှိဆုံး ထိပ်တန်း ၁၅ မြို့တွင် အပါအ၀င်ဖြစ်သည့်အပြင် ယဉ်ကျေးမှု၊ လူနေမှုဟန်နှင့် ပွင့်လင်းလွတ်လပ်မှုဆိုင်ရာ ကမ္ဘာ့ထိပ်တန်း မြို့ကြီး ၁၀ မြို့တွင်လည်း အပါအ၀င် ဖြစ်သည်။
ထို့အပြင် သယ်ယူပို့ဆောင်ရေးကဏ္ဍ အကောင်းမွန်ဆုံး ကမ္ဘာ့ထိပ်တန်း ၁၅ မြို့စာရင်းတွင်လည်း နံပါတ် ၇ နေရာတွင် ရပ်တည်လျက်ရှိသည့် မြို့လည်း ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)