ရွှေဈေးနဲ့ ဒေါ်လာဈေး အပြောင်းအလဲတွေ များနေတယ်ဆိုပေမဲ့ ဗြိတိန်နဲ့ အီးယူတို့ရဲ့ ဆွေးနွေးချက်က ထွက်လာမယ့် အချက်အလက်တွေနဲ့ အမေရိကန် ဗဟိုဘဏ်ရဲ့ အတိုးနှုန်း တိုး မတိုး ဆိုတဲ့ အခြေအနေတွေပေါ် မူတည်ပြီး ဈေးနှုန်းအတတ်အကျတွေကို စောင့်ကြည့်ရဦး မယ်လို့ သိရပါတယ်။
စီးပွားရေးနှင့် ဥပဒေလမ်းညွှန် ဦးတင်သန်းဦးက ‘တကယ်တော့ အခြေအနေတွေ ပြောင်းလဲမှုမရှိပါဘူး၊ လူတွေက ပြောင်းလဲပြီး အားလုံးက ဖြစ်နိုင်ခြေနဲ့ မှန်းပြီး တစ်ပြိုင်တည်းလုပ်တော့ ဈေးတွေ တက်လာတာ၊ သူတို့ဆွေးနွေးမှုတွေမှာ ရလာမယ့် ရလဒ်ကို စောင့်ကြည့်ရဦးမှာပါ၊ ရလဒ်တွေ ထွက်လာရင် အခြေအနေတွေ ပြောင်းလဲလာမှာပါ’ လို့ ပြောပါတယ်။
ယူရိုရဲ့ ဘဏ်အတိုးနှုန်းတွေ ဆွေးနွေးနေတာတွေရှိပြီး ယူရိုရဲ့ စီးပွားရေးဂယက်တွေကြောင့် ရွှေဈေးမြင့်နိုင်သေးတယ်လို့လည်း ခန့်မှန်းထားကြပါတယ်။အမေရိကန်ဗဟိုဘဏ် အတိုးနှုန်းတက်ဖို့ကလည်း လက်ရှိစီးပွားရေး အခြေအနေတွေကြောင့် အတိုးနှုန်းတိုးမယ် မတိုးဘူးဆိုတာ စောင့်ကြည့်ရမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း၊ အထွေထွေ အတွင်းရေးမှူး ဦးကျော်ဝင်းက ‘တကယ်တော့ ဗြိတိန်နဲ့ အီးယူတို့ရဲ့ ဆွေးနွေးတဲ့အခါ အားလုံးအဆင်ပြေသွားတာမျိုး ဖြစ်ကောင်းဖြစ်လာနိုင်တယ်၊ ဆွေးနွေးနေတဲ့ အချိန်တွေမှာတော့ ရွှေဈေးက အပြောင်းအလဲ ရှိမယ်၊ အခုချိန်ကတော့ မရေရာသေးလို့ ဖြစ်နေတဲ့ ဈေးနှုန်းထားတွေ ဖြစ်တယ်’ လို့ သုံးသပ်ပြောကြားပါတယ်။
တစ်ဒေါ်လာကို ကျပ် ၁၁၆၀ ကျော်ကနေ သည်ရက်ပိုင်းတွေမှာ ကျပ် ၁၁၈၀ ကျော် ဈေးပြန်တတ်လာပါတယ်။
နိုင်ငံခြားငွေ ရောင်းဝယ်သူ တစ်ဦးက ‘ငွေဈေးက ငြိမ်နေတာ ကြာပြီ၊ ဒီရက်ပိုင်းမှ ဈေးနည်းနည်း ပြန်တတ်တယ် ဆိုပေမဲ့ ဒီနေ့နေ့လည်ပိုင်းပဲ ၁၁၈၀ အောက်ကို ဈေးပြန်ဆင်းသွားတယ်၊ ဗဟိုဘဏ်ဈေးကတော့ ၁၁၇၅ ကျပ်ရှိတယ်၊ အရောင်းအဝယ်ဈေးကွက်ကတော့ ထူးခြားတာမျိုး မရှိဘူး၊ ပုံမှန်ပါပဲ’ လို့ ပြောပါတယ်။
တစ်ဒေါ်လာကို ကျပ် ၁၁၆၀ ကျော်ကနေ ၁၁၈၇ ကျပ်အဖြစ် ဈေးတတ်ပြီး သည်နေ့မှာတော့ ၁၁၇၉ ကျပ် ဖြစ်ပါတယ်။ဒေါ်လာဈေး အနည်ငယ်ပြန်တတ်တာကြောင့် ကမ္ဘာ့ရွှေဈေး အနည်းငယ် ပြန်ဆင်းလာပါတယ်။ပြည်တွင်းရွှေဈေးကတော့ ကျပ် ၁၀,၀၀၀ ဝန်းကျင် ဈေးပြန်ကျနေတယ်လို့ ဈေးကွက်အတွင်းက သိရတယ်။
ပြည်တွင်းရွှေဈေးက အရင်နှစ် ဇူလိုင်လပိုင်းထက် ပိုပြီး ဈေးကွက် အရောင်းပါးနေတာပါ။ရွှေဈေးက တတ်ထားတဲ့ အမြင့်ဈေးထက် ပိုတတ်လာမနိုင်ဘူးလို့လည်း ခန့်မှန်းရခက်ပါတယ်။သည်နေ့မှာ ပြည်တွင်းရွှေဈေးက တစ်ကျပ်သားကို ကျပ် ၈၃၈,၃၀၀ ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို ၁၃၄၂ ဒေါ်လာ ရှိတယ်လို့ သိရပါတယ်။
Credit: The Modern