ကာတာနိုင်ငံ၊ ၂၀၂၂ ကမ္ဘာ့ဖလား ဗိုလ်လုပွဲကျင်းပမည့် ဘောလုံးကွင်းကြီးအနီးတွင် တာဝါအဆောက်အအုံသစ်ကြီး ၂ လုံးဆောက်လုပ်မည်ဖြစ်ရာ တစ်လုံးမှာ ကန္တာရပန်း ပုံသဏ္ဍာန်ဖြစ်ပြီး အီရတ်-ဗြိတိန်ဗိသုကာပညာရှင်ဖြစ်သူ ဇဟာဟာဒစ်ကဒီဇိုင်းရေးဆွဲပေးခြင်းဖြစ်ကြောင်း တော်ဝင်မိသားစုဝင်တစ်ဦးက ပြောကြားသည်ဟု အရှေ့အလယ်ပိုင်းအခြေစိုက်အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ကာတာစော်ဘွား၏ အကိုဖြစ်သူ ရှိတ်မိုဟာမက် ဘင်ဟာမက် အယ်လ်သာနီက ဗိသုကာပညာရှင် ဟာဒစ်ကို အဆိုပါအဆောက်အအုံ ဒီဇိုင်းရေးဆွဲပေးရန် ၂၀၁၃ ခုနှစ်ကပင် တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။
ယင်းအဆောက်အအုံမှာ ၃၈ ထပ် မြင့်မားပြီး ကန္တာရပန်းအသွင် ပုံဖော်ထားကာ အောက်ခြေစမှတ် နံရံ ၉ ခုဖြင့် ပင်လယ်ကွေ့ဒေသ၏ ပူပြင်းသော နေရောင်ကို အကာအကွယ်ပေးထားသည်။
အဆိုပါအဆောက်အအုံတည်ဆောက်ရခြင်း၏ ရည်ရွယ်ချက်မှာ ၂၀၂၀ ခုနှစ်တွင် ဖြစ်ပေါ်လာမည့် အနာဂတ် သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ရန်အတွက်ဖြစ်သည်ဟု ဆိုသည်။
ဆောက်လုပ်မည့်နေရာမှာ မြို့တော်ဒိုဟာ၏ မြောက်ဘက် ၂၃ ကီလိုမီတာအကွာရှိ လူဆေးမြို့တွင်ဖြစ်သည်။
အဆောက်အအုံဒီဇိုင်းရေးဆွဲပေးခဲ့သည့် ဗိသုကာပညာရှင်ဇဟာ ဟာဒစ်မှာ ယခုနှစ် မတ်လကပင် ကွယ်လွန်သွားခဲ့ပြီလည်း ဖြစ်သည်။
ဇဟာ ဟာဒစ်ကွယ်လွန်သည့် သတင်းကို iMyanmarHouse.com တွင် ဖော်ပြခဲ့ပြီးဖြစ်ရာ ပြန်လည်ဖတ်ရှုလိုပါက http://www.imyanmarhouse.com/news/read/466265 လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။
“သဘာဝပတ်ဝန်းကျင်ကို (ကိုယ်လိုအပ်သလို) ပုံဖော်ပြောင်းလဲဖို့ကြိုးစားကြတဲ့အခါမှာ သဘာဝတရားရဲ့ အလေ့အထတွေကို ကြည့်ရပါတယ်”ဟု ဇဟာဟာဒစ်က ပြောကြားခဲ့သည်။
အဆိုပါအဆောက်အအုံစီမံကိန်းကို ယခုအခါတွင် ဇဟာ ဟာဒစ် ဗိသုကာအဖွဲ့ဖြစ်သော ZHA မှ ဗိသုကာပညာရှင်တစ်ဦးဖြစ်သူ ပက်ထရစ် ရှူးမေချာက ဦးဆောင်မှုပေးလျက်ရှိပြီး ပရက်ဂ်ျနှင့် မော်စကိုမြို့ကြီးများရှိ စီမံကိန်းကြီးများအတွက်လည်း ဒီဇိုင်းရေးဆွဲပေးလျက်ရှိကြသည်။
ယင်းဗိသုကာအဖွဲ့သည် ဇဟာ ဟာဒစ်မကွယ်လွန်မီက လက်ခံထားခဲ့သော စီမံကိန်းပေါင်း ၃၆ ခုကို အပြီးသတ်ဒီဇိုင်းရေးဆွဲပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ဇဟာ ဟာဒစ်ရှိစဉ်က လက်ခံထားခဲ့သော စီမံကိန်းများအနက် အီတလီရှိ ကမာကောင်အသွင် ဆိပ်ခံအဆောက်အအုံ၊ ရီယာ့ဒ်ရှိ ဘုရင်အဗ္ဗဒူလာ ရေနံလေ့လာရေးနှင့်သုတေသနဌာန
အဆောက်အအုံ၊ လန်ဒန်သိပ္ပံပြတိုက်ရှိ သင်္ချာ ပြခန်းတို့ အပါအ၀င်ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)