အဖီဆိုသည့်စကားက သီးခြားတည်ရှိမှုဟူသောသဘော မဆောင်၊ တစ်စုံတစ်ခုအပေါ် ကပ်ရပ်မှီတွယ်ခြင်းဟူသည့် အသွင်လက္ခဏာကို ဖော်ပြသည်။ အဖီထုတ်သည်၊ အဖီဆွဲသည် ဟူသောစကားရပ်က ပင်မအဆောက်အအုံကိုမဏ္ဍိုင်ထားလျက် ထိုအဆောက်အအုံကိုမှီတွယ်ကာ နောက်အဆောက်အအုံတစ်ခု ပွားများလိုက်ခြင်းကို ဆိုလိုသည်။ အဆောက်အအုံငယ်ဟုဆိုသော်လည်း အဆောက်အအုံစာရင်းဝင်သည်တော့မဟုတ်။ အဆောင်ငယ်ဟုသာ သတ်မှတ်ခေါ်တွင်ကြရိုးဖြစ်သည်။ တကယ်တော့ ထိုသို့ အဖီဆွဲသောအလေ့အထသည် ရှေးမြန်မာတို့အိမ်ရာများအတွက် ထူးခြားခြင်းမရှိသောအစဉ်အလာတစ်ရပ်ဖြစ်ခဲ့သည်။
များသောအားဖြင့် မြန်မာအိမ်များစတင်ဆောက်လုပ်ရာတွင် အဓိကအခန်းများကိုရည်ရွယ်ဖွဲ့စည်းဆောက်လုပ်ပြီးမှ လိုအပ်သော နောက်တိုးအခန်းများအတွက် သတ်မှတ်ကာ အဖီထုတ်ဆောက်လုပ်ခြင်းပြုကြသည်။ သာမန်မြန်မာတစ်ထပ်အိမ်များသည် ပျဉ်ကာ၊ ပျဉ်ခင်း ဖြစ်သဖြင့် ဖိုခုံလောက်ဖြင့်ချက်ရသော ထင်းမီးဖိုများ အသုံးပြုကာ ချက်ပြုတ်ကြော်လှော်ရန် အဆင်မပြေ။ မီးဖိုဟူသောလူသုံးပစ္စည်း မတွင်ကျယ်သေးခင်က မြေပေါ်တွင်ပင် ကျောက်ခဲသုံးလုံး ဖိုခုံလောက်ဆိုင်တည်ကာ ဖိုခုံလောက်အလယ်တွင် ထင်းများပုံ၍ မီးမွှေးပြီး ဖိုခုံလောက်ဆိုင်ကျောက်တုံးများပေါ် အိုးကိုခွင်ကျတင်လျက် ချက်ပြုတ်ကြော်လှော်လေ့ရှိရကား မြေပြင်ပေါ်တွင်ပင် မီးဖိုတည်၍ ချက်ပြုတ်ကြရိုးဖြစ်သည်။ ချက်ရုံ၊ ပြုတ်ရုံ၊ ကြော်ရုံ၊ လှော်ရုံမျှသာမဟုတ် ဖုတ်မည်၊ ကင်မည် ဆိုလျှင်လည်း ထင်းမီးရဲရဲက အလွန်တရာအသုံးတည့်လှပေချိမ့်။ သစ်ဝါးပေါသော ရှေးမြန်မာခေတ်ကာလပေမို့လည်း ထင်းလောင်စာက ပြတ်လပ်သွားသည်ဟူ၍မရှိ။ သည်တော့ ရှေးမြန်မာများသည် အိမ်ဆောက်ရာတွင် မီးဖိုဆောင်ကို အိမ်မကြီးထဲတွင်မထည့်သွင်းဘဲ အိမ်နောက်ဘက်၊ သို့မဟုတ် အိမ်ခြေရင်းနံရံနှင့်ကပ်၍ အဖီထုတ်ကြမြဲဖြစ်သည်။ ထုတ်ထားသောအဖီကို တစ်ဖက်ယပ်တဲဟုလည်း အမည်သညာပြုကြပြန်၏။ မီးဖိုမှသာလျှင်မဟုတ်၊ အခြား လိုအပ်သောအဆောင်အတွက်လည်း အဖီထုတ်အသုံးပြုတတ်သေးသည်။ အိမ့်မိသားစုဝင်တစ်ယောက်ယောက်၏ အသက်မွေးဝမ်းကျောင်းအလုပ်၊ သို့မဟုတ် ၀ါသနာပါရာအလုပ် တစ်ခုခုပေါ် မှီတည်၍ ထိုအဖီထုတ်ထားသောအဆောင်သည် ပန်းထိမ်ခန်းသော်လည်းကောင်း၊ အဂ္ဂိရတ်ရုံသော်လည်းကောင်း၊ ဗိန္ဒောဆေးဝါးဓာတ်ခွဲခန်းသော်လည်းကောင်း၊ အလေးမရုံသော်လည်းကောင်း ဖြစ်သွားနိုင်သည်။
တစ်မိသားနှင့်တစ်မိသား ချစ်ခင်စုံမက်သဖြင့် နှစ်ဦးပေါင်းဘ၀တစ်ခုကိုထူထောင်ရန် အကြောင်းဆက်ပေါင်းဖက်နေထိုင်ခြင်းကို မြန်မာ့လူ့အဖွဲ့အစည်းက အိမ်ရာထူထောင်ခြင်း၊ တစ်အိုးတစ်အိမ်ထူထောင်ခြင်းဟု ကင်ပွန်းတပ်လေ့ရှိသည်။ မိဘများနှင့်စားနေသောအိုးမှ မိမိအိမ်ထောင်ဖက်နှင့်လက်ဆုံစားမည့်အိုးသို့ ပြောင်းလဲခြင်းနှင့်အတူ မိဘများနှင့်နေသောအိမ်မှ မိမိတို့လင်စုံမယားဖက်သီးခြားနေရမည့်အိမ်သို့ ပြောင်းလဲလာရခြင်းကို ရည်ရွယ်၍ ယင်းသို့ဝိဂြိုဟ်ပြုခြင်းလည်းဖြစ်၏။ သို့သော် နှစ်ဦးပေါင်းဘ၀တစ်ခုထူထောင်မည့်စုံတွဲတိုင်း၏ ခရီးအစသည် ချောမွေ့ပြေပြစ်သည်မဟုတ်။ သီးခြားအိမ်ဖြင့်မနေနိုင်ကြသေးမီစပ်ကြား မိဘတစ်ဖက်ဖက်၏အိမ်တွင်လည်းကောင်း၊ အလုပ်ရှင်၊ ဆရာသမားစသည်တို့၏အိမ်တွင်လည်းကောင်း၊ သွေးသားဆွေမျိုး၊ အသိမိတ်ဆွေ စသည်တို့၏အိမ်တွင်လည်းကောင်း မှီခိုကပ်ရပ်ခြေကုပ်ရယူကာ ဘ၀ခရီးစတင်ရသည့် ကြင်စဦးများလည်းရှိသည်။ ထိုသို့သောကြင်စဦးများကို နေထိုင်ခွင့်ပေးထားသူ အိမ်ရှင်များအနေဖြင့် သူတို့အား အိမ်မကြီးပေါ်နေစေခြင်းထက် အိမ်ဘေးတွင်အဖီဆွဲကာနေထိုင်ခွင့်ပြုခြင်းက ပိုများသည်။ နောက်ပိုင်းတွင် ကိုယ်ပိုင်အိမ်ဆောက်၍မနေနိုင်သော ငွေကြေးချို့တဲ့သူများကလည်း မိမိတို့သင့်တင့်ရာအိမ်ရှင်နှင့်ညှိနှုင်း၍ ထိုအိမ်ရှင်၏အိမ်ဘေးတွင် အဖီဆွဲကာနေထိုင်ခြင်းမျိုးလည်းရှိသည်။ အခမဲ့နေထိုင်ခွင့်ပြုသော ကရုဏာရှင်အိမ်ရှင်တို့ရှိသကဲ့သို့ နေထိုင်စရိတ်အဖြစ် စပါး၊ ပဲ စသော လယ်ထွက်၊ ယာထွက် ကောက်ပဲသီးနှံများနှင့် တန်ဖိုးသင့်သတ်မှတ်ယူသောအိမ်ရှင်များလည်း ရှိပေသည်။
တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ သာကေတ စသောမြို့သစ်များ တည်ထောင်ပေးခါစက အားလုံးမြန်မာအိမ်များသာဖြစ်သည်။ ငွေကြေးတတ်နိုင်သူများက ပျဉ်ထောင်နှစ်ထပ်အိမ်ဆောက်သည်။ ငွေကြေးသာမန်အနေအထားရှိသူက ပျဉ်ထောင်တစ်ထပ်အိမ်ဆောက်သည်။ ငွေကြေးအင်အားနည်းပါးသူက ဓနိမိုးထရံကာ တဲသာသာအိမ်များဆောက်လုပ်နေထိုင်ကြသည်။ လူနေသိပ်သည်းလာသောအခါ တိုးပွားလာသော အိမ်ထောင်ကွဲအိမ်ထောင်စုများက မနည်းလှသောအဖီအဆွယ်အင်အားစုအဖြစ် ကာလကြာရှည်စိုးမိုးခဲ့သည်။ ဒဂုံမြို့သစ်၊ လှိုင်သာယာ၊ ရွှေပြည်သာစသော မြို့သစ်များ တည်ထောင်ခါစတွင်လည်း ထိုနည်းလည်းကောင်း။ မြေကွက်ရရချင်းတိုက်ဆောက်နိုင်သူတို့ကတော့ အဖီအဆွယ်နှင့် အတတ်နိုင်ဆုံးကင်းသည်။
တိုက်ခန်းများစုစည်းထားသည့် အိမ်ရာစခန်းများကတော့ ရုတ်တရက်ကြည့်လျှင် အဖီအဆွယ်ဘေး ကင်းသည်ဟု ယူဆနိုင်စရာရှိသော်လည်း နောက်ပိုင်းမှာတော့ သူတို့တွေလည်းမကင်း။ အထူးသဖြင့် မြေညီထပ်တွေက အဖီအဆွယ် ဆွဲရ၊ ထုတ်ရခြင်းကို ပို၍၀ါသနာထုံ၏။ သူတို့က လမ်းနယ်နိမိတ်နှင့်အိမ်နံရံကြား မြေကွက်လပ်အသင့်အတင့် အနီးဆုံးတွင်ရှိသည်။ ပထမတော့ ထိုမြေကွက်လပ်ကို အလွတ်အတိုင်းမထားမူဘဲ ပန်းပင်လေးများ၊ သစ်ပင်ငယ်များ စိုက်သည်။ နည်းနည်းကြာလာတော့ လမ်းနယ်နိမိတ်အစပ်မှစတင်၍ ခြံစည်းရိုးခတ်လိုက်သည်။ သူတို့အကြောင်းပြသည်က လုံခြုံရေး ဖြစ်၏။ လမ်းနယ်နိမိတ်မှ အိမ်နံရံအထိ အဆီးအတားမရှိ ဟင်းလင်းပြင်ဖြစ်နေလျှင် သူခိုးသူဝှက်မှအစ မသမာသူတို၏ပစ်မှတ်ဖြစ်နေသည်။ ခြံစည်းရိုးအရံအတားလေးပြုလုပ်ထားလိုက်ခြင်းဖြင့် အိမ်နံရံဆီသို့ အလွယ်တကူမ၀င်ရောက်နိုင်သော မသမာသူသည် ပုံမှားရိုက်ခိုအောင်းဝင်ရောက်ခြင်းမပြုနိုင်တော့။
လုံခြုံရေးအတွက်ဆိုတော့ အပေါ်ထပ်အခန်းများအနေဖြင့်လည်း မပြောသာ။ မြေညီထပ်လုံခြုံလျှင် အပေါ်ထပ်များလည်း အနည်းနှင့်အများတော့ လုံခြုံနိုင်သေးသည်။ အကယ်၍ ခြံစည်းရိုးမရှိသဖြင့် မြေညီထပ်လူကပ်ကာ မြေညီထပ်အခန်းဝင်ရန်အခွင့်မသာပါက မသမာသူ၏ပစ်မှတ်သည် အပေါ်ထပ်အခန်းများထံရောက်လာနိုင်ဖွယ်ရှိသည်။ သည်တော့ မြေညီထပ်အခန်း ခြံစည်းရိုးကာသည်ကို ကန့်ကွက်သူမရှိ တစ်ခဲနက်ထောက်ခံတော့၏။ မြေညီထပ်အခန်းပိုင်ရှင်အနေဖြင့် တိုက်ပေါ်အ၀င်လမ်းချန်၍ မိမိအခန်းရှေ့လမ်းနယ်နိမိတ်အစပ်မှ မိမိအခန်းနံဘေး လမ်းနယ်နိမိတ်တစ်လျှောက်လုံးကို ထောင့်ချိုးကျကျနေရာယူကာ ခြံစည်းရိုးအခိုင်အမာခတ်တော့၏။ ခြံစည်းရိုးခတ်ခါစတွင်တော့ တစ်တိုက်လုံးက အားရကျေနပ်ကြသည်။ တိုက်ဘေးနံရံမှသော်လည်းကောင်း၊ တိုက်ရှေ့မျက်နှာစာမှသော်လည်းကောင်း ကပ်မှီတွယ်တက်လာမည့် မသမာသူတို့၏ရန်ကို ထိုခြံစည်းရိုးက ကောင်းစွာအဟန့်အတားပြုပေးနိုင်ကြောင်း စိတ်ချယုံကြည်ခြင်း ကဲလွန်နေသဖြင့်။
ပစ္စည်းဥစ္စာဟူသည် လူကို စိတ်ကြီးဝင်စေသည်။ ဟိသစ္စံ - ဤစကား မှန်၏။ ခြံစည်းရိုးအတွင်းရှိမြေပမာဏသည် မြေညီထပ်တိုက်ခန်းတွင်နေသူ ပိုင်ဆိုင်သည့်အရာမဟုတ်။ အကြင်မြေသည် အများပိုင်မြေ (၀ါ) တစ်တိုက်လုံးနှင့်သက်ဆိုင်သောမြေ (၀ါ) မြူနီစီပယ်ပိုင်မြေ (၀ါ) စည်ပင်သာယာပိုင်မြေ (၀ါ) အစိုးရပိုင်မြေ (၀ါ) နိုင်ငံတော်ပိုင်မြေ ဖြစ်သည်။ ထိုမြေကိုစီမံခန့်ခွဲပိုင်ခွင့်ရှိသည်မှာ စည်ပင်သာယာကော်မတီ၊ သို့မဟုတ် နိုင်တော်သာ ဖြစ်ကောင်း၏။ သို့တစေ မြေညီထပ်ဂေဟာရှင်အနေဖြင့် ဆိုခဲ့ပါ ခြံစည်းရိုးတွင်းရှိမြေသည် သူ့အပိုင်ဟု စိတ်ဝယ်စွဲနေသည်။ ထို့ကြောင့် သူသည် ဆိုခဲ့ပါမြေကို သူ၏ရင်ဝယ်သားကဲ့သို့ အထူးတလည်ဂရုဓမ္မပြု၏။ အကြာင်မြေတွင် သီးပင်၊ ပန်းပင်ကလေးများစိုက်လျက် ဥယျာဉ်ငယ်လေးတည်ထောင်၏။ အပေါ်ထပ်အခန်းများဆီမှ မတော်တဆလွင့်ပျံကျလာသော ကလေးကစားစရာများ၊ အ၀တ်အထည်များ၊ အိမ်သုံးပစ္စည်းများသည် သူ၏နန္ဒ၀န်ဥယျာဉ်ကို ဖျက်လိုဖျက်ဆီးလုပ်နေသည့် မာရ်နတ်၏အပေါင်းပါများဖြစ်နေသည်။ အမှိုက်သရိုက်များကျလာလို့ကတော့ ဆိုဖွယ်ရာမရှိ။
နောက်ဆုံးတော့ မြေညီထပ်ဂေဟာရှင်သည် သူ့တိုက်ခန်းနံရံကိုအခြေတည်၍ လမ်းနယ်နိမိတ်အစပ်အထိ အမိုးဇောက်ဆွဲချကာ အဖီထုတ်လိုက်ခြင်းအားဖြင့် ဆိုခဲ့ပါမြေကို သူပိုင်ဆိုင်ကြောင်း မဏ္ဍပ်တိုင်တက်ပြတော့သည်။ အဖီတွင်းမြေပြင်မှ သီးပင်၊ ပန်းပင်တို့ကို သံယောဇဉ်ဖြတ်ကာ သမံတလင်းအပြည့်လောင်းလိုက်ခြင်းဖြင့် လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်၊ စတိုးဆိုင်၊ မုန့်ဟင်းခါးဆိုင်တို့ တစ်ဖြစ်လဲလာတော့သည်။ ဤကား ရှေးမြန်မာအိမ်များမှအစပြုသည့် အဖီအဆွယ်သမိုင်းပင် ဖြစ်ချေတော့သည်တမုံ့။
ကျော်ဇောလေး မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com