မြန်မာ့ အိမ်ရာများ၏ ရင်းမြစ်အစတွင် အိမ်နယ်နိမိတ် အတွင်း မီးဖိုဆောင်၊ ရေချိုးခန်း၊ အိမ်သာတို့ ပါရှိသည် မဟုတ်။ အိမ်ဆိုသည်က နေထိုင်ခိုနား အိပ်စက်ရန် သက်သက်သာ။ မြေနေရာ ကျယ်ပြောလှသော မြန်မာတို့ ရပ်ရွာတွင် အိမ်တစ်လုံးနှင့် တစ်လုံးက ပူးကပ်နေခြင်းမရှိ။ အနည်းဆုံးတော့ ၀ါးနှစ်ပြန်စာ၊ တစ်ခေါ်သာသာခန့် ကွာဝေးမြဲ။ ရှေးကျလွန်းမက ကျသည့် ကာလများ တုန်းကတော့ အညစ်အကြေး စွန့်လိုလျှင် ခြံဝိုင်း အစွန်အဖျား ချုံကြိုချုံကြားတိုးပြီး တပိုတပါးကိစ္စဖြေရှင်းလိုက်ရုံသာ။
ရေချိုးရာတွင်လည်း ထိုနည်းလည်းကောင်း။ ရေချိုးခန်းဟူ၍ သီးခြားဖွဲ့စည်းထားသည်မဟုတ်။ များသောအားဖြင့် ရေတွင်း၊ ရေကန်၊ မြစ်၊ ချောင်း ရှိရာများသို့ အစုလိုက်အဖွဲ့လိုက်သွားရောက်ကာ ရေမိုးသုံးသပ်ကြရိုးသာရှိသည်။ အိမ်မှာရေချိုးသူများဆိုလျှင်လည်း ခြံထောင့်၊ အိမ်ဘေး သင့်လျော်သောနေရာတစ်ခုခုတွင် ရေစည်၊ စဥ့်အိုး စသည်တို့ တည်ထားကာ ရေချိုးကြမြဲဖြစ်၏။ ထို့အတူ မီးဖိုဆောင်ကိုလည်း သီးခြားမထားဘဲ အိမ့်နောက်ဘက်၊ သို့မဟုတ်ပါက အိမ့်ခြေရင်း ဘေးဘက်တွင် ပဏ္ဍုကမ္ဗလာ မြေမွေ့ရာထက်၌ ကျောက်ခဲဖိုခုံလောက်ဆိုင်တွင် ထင်းမီးရဲရဲဖြင့်ချက်ပြုတ်လေ့ရှိသည်။
ရှေးမြန်မာများသုံးသော မီးဖိုဆိုသည်က သဘာဝကို ပကတိအတိုင်းအရင်းအမြစ်ကျကျသုံးစွဲသော အသုံးအဆောင်သာ ဖြစ်ချိမ့်သည်။ မြေသားကို ကျင်းတိမ်တိမ်တူး၊ ကျင်းနခမ်းပေါ်တွင် အရွယ်တူကျောက်ခဲသုံးလုံး ဖိုခုံလောက်ဆိုင်နေရာချထား၊ ဖိုခုံလောက်ဆိုင်အလယ်မှ ကျင်းထဲ သစ်ကိုင်းသစ်ခက်များအပါအ၀င် ထင်းများထည့်၊ မီးမွှေး၊ ထင်းများမီးစွဲလျှင် တည်လိုသောအိုးကို ဖိုခုံလောက်ဆိုင်အတွင်း ဟန်ချက်ညီအောင်တင်ကာ ချက်လိုချက်၊ ပြုတ်လိုပြုတ်၊ ကြော်လိုကြော်၊ လှော်လိုလှော် ဆန္ဒအကုန် ကြုံသလိုပြု၍ရပြီဖြစ်၏။
သည်လိုချက်ပြုတ်ခြင်းက နွေနှင့်ဆောင်းတွင် ဘာတစ်ခုမျှပြဿနာမရှိ။ ဆောင်းတွင်းဆိုလျှင် ထမင်းဟင်းချက်ပြုတ်ရင်း မီးပင်လှုံရသေးသည်။ ဖိုခုံလောက်ပေါ်တွင် ထမင်းအိုးသော်လည်းကောင်း၊ ဟင်းအိုးသော်လည်းကောင်း တည်ထားရင်း မီးဖိုမှဖြာထွက်နေသော အနွေးဓာတ်ကို တမြိန့်မြိန့်ခံစားကာ ယာထွက် ပြောင်းဖူး၊ ထန်းပင်မြစ်၊ ကန်စွန်းဥ၊ မြေပဲပင်ပေါက်၊ ကုလားပဲပင်ပေါက် စသည်တို့ကို ထမင်းအိုးဟင်းအိုးအောက်မှမီးတောက်ထဲ ထည့်ဖုတ်ကာ ပူပူနွေးနွေးစားရခြင်းဟူသည်က သဘာဝတရားပေးသည့်လက်ဆောင်အဖြစ် ရှေးမြန်မာတို့ နှစ်ခြိုက်စွာခံယူသုံးဆောင်ခဲ့ကြဖူးပြီ။ ဆောင်းတွင်းနံနက်စောစော နှင်းမကွဲမီအချိန်များတွင် လယ်တောယာတောအလုပ်ခွင်မသွားခင် မီးဖိုနံဘေး နံနက်စောစာဝိုင်းထိုင်စားနေကြသောမိသားစုပုံရိပ်များက မြန်မာ့ကျေးလက်ရှုခင်းအယ်လ်ဘမ်တွင် အထင်ကရနေရာယူထားမြဲ။
နွေဘက်များကျပြန်တော့ ဆောင်းတွင်းလိုမီးမလှုံရခြင်းသာရှိမည်။ တသုန်သုန်တိုက်ခတ်လာသော နွေလေပြည်ညင်းကလေး၏ ပိုက်ထွေးကျီစယ်မှုကိုခံယူရင်း ထမင်းဟင်းချက်ပြုတ်ရသည်က မောလှပန်းလှသည်မထင်ရ။ မီးဖိုနေရာကို အိမ်မကြီးနှင့်ပိုလှမ်းသည့်နေရာသို့ ရွှေ့ရပြောင်းရတော့ရှိသပေါ့လေ။ နို့မဟုတ်ပါက ဦးတည်ရာမဲ့ဝှေ့ယမ်းတတ်သည့် နွေလေရူးက ထင်းမီးမှလွင့်စဉ်တတ်သောမီးပွားကို အိမ်နံရံထရံသားနှင့် နှစ်ပါးဂဟေဆက်ပေးလိုက်လျှင် မတွေးရဲစရာ။
ထို့ကြောင့် မီးဖိုနေရာအပြောင်းအလဲပြုရခြင်း ရှိတတ်သည်။ သို့တစ်မူလည်း အနှီအရေးက ကရိကထရှိလှသည်မဟုတ်။ ဖိုခုံလောက်ကျောက်ခဲသုံးလုံးကို နေရာပြောင်းတည်ခင်းလိုက်ရုံဖြင့် မိနစ်ပိုင်းအတွင်း မီးဖိုနေရာသစ်ဖွင့်လှစ်ပြီးဖြစ်သွားသည်။ မည်သည့်ရပ်ရွာမျက်နှာဖုံးမှ လာပြီးဖွကြိုးဖြတ်ပေးနေစရာမလို။ ယုတ်စွအဆုံး ခေါင်သူကြီးအိမ်ဦးနတ်ပင် သိလိုက်သည်မဟုတ်၊ အကြောင်းတိုက်ဆိုင်၍ ပက်ပင်းတိုးလိုက်သည်ရှိသော်မှ ဩ . . . မီးဖိုနေရာရွေ့သွားပါပကောလား ဟူသည့်အာမေဍိတ်မျှလောက်သာ။
အဲ . . . မိုးတွင်းကာလသမယမှာတော့ မီးဖိုနေရာချထားရေးကိစ္စက လေးနက်သောအသွင်ကိုဆောင်လာ၏။ အယုတ်အလတ်အမြတ်မရွေး လာသမျှလက်ခံပေးနေသော ၀သုနြေ္ဒဤမြေပံသုသည်လည်း မှီတွယ်ရာအစစ်မဖြစ်ပြန်တော့။ မိခင်ပထ၀ီမြေက လက်မခံသည်တော့မဟုတ်။ မြေပေါ်ကျဆင်းလာသည့် မိုးရေမိုးပေါက်များက ဖိုထဲမှမီးနှင့် ဓမ္မာသောကအင်းဝရာဇာ ရန်ဘက်စစ်စစ်များဖြစ်နေ၏။ သည်တော့ မိုးနှင့်မီးကို စည်းခြားကွယ်ကာပေးမည့် အမိုးအကာလိုလာသည်။
ခြံဝိုင်းကျယ်ကျယ်ရှိသူတို့က လေးတိုင်စင်အမိုးတင်၍ မီးဖိုဆောင်သီးခြား တ"စ်ခွင်တစ်ပြင်တည်ဆောက်ကာ ၀င့်ဝင့်ကြွားကြွားချက်ပြုတ်ကြော်လှော်ကြသလို ခြံဝိုင်းကျယ်ကျယ်မရှိသူတွေကတော့ အိမ်နောက်၊ သို့မဟုတ် အိမ်ခြေရင်းနံရံကို တစ်ဖက်ယပ်အဖီဆွဲကာ မီးဖိုဆောင်အဖြစ် ဖန်တီးရတော့သည်။ အမိုးကြောင့် မိုးရေလုံသော်လည်း အတားအဆီးမရှိတိုက်ခတ်သည့်မိုးသက်လေက မီးညွန့်တို့ကို ယိမ်းကစေသည်။ မီးညွန့်တို့ယိမ်းကသည်က အကြောင်းမဟုတ်၊ ယိမ်းကရင်းအပျော်ကြူး၍ အိမ်နံရံကို ဖက်ယမ်းနမ်းရှုပ်သည်အထိ အချစ်လွန်သွားပါက မိုးတွင်းကသောမီးပြဇာတ် ဖြစ်သွားမည်ကြောင့် လေကိုလည်းတားရန်လုပ်သည့်အနေဖြင့် မီးဖိုအကာများ ထပ်ဆောင်းရပြန်၏။ အမိုးရောအကာပါပြည့်စုံသွားသည်၏နောက်တော့ အခန်းအသွင်ပီပြင်လာပြီဖြစ်သော မီးဖိုခန်း၏ကဏ္ဍ စတင်လာတော့ပြီဖြစ်ပေချိမ့်။
အခန်းဟူ၍ သတ်သတ်မှတ်မှတ်ပီပြင်လာပြီဖြစ်သော မီးဖိုဆောင်၏ အထင်ရှားဆုံးအဆင်တန်ဆာမှာ ကျပ်ခိုးစင်ဖြစ်သည်။ တစ်ခါတည်းကုန်အောင်မစားနိုင်သော အသားစိမ်းများကို နေလှန်းအခြောက်ခံပြီး ကျပ်ခိုးမှိုင်းခံထားလိုက်ခြင်းဖြင့် အလိုရှိချိန်တွင် ယူငင်ချက်ပြုတ်စားသောက်နိုင်ရန် စီစဉ်ထားသည့် ကျပ်ခိုးစင်သည် မြန်မာ့မီးဖိုဆောင်၏ ထင်ရှားသောအမှတ်လက္ခဏာတစ်ရပ် ဖြစ်ခဲ့သည်။ အသားထဲမှ ရေဓာတ်နှင့်အစိုဓာတ်တို့ကို တမြည့်မြည့်ခန်းခြောက်စေပြီး မှိုင့်နံ့သင်းသင်းစွဲနေသော အမဲသားငါးအရသာသည် ရှေးမြန်မာတို့၏အာရုံကို ကာလကြာမြင့်စွာမင်းမူစိုးမိုးခဲ့သည်။ ချက်ပြုတ်ပြီးသော ထမင်းဟင်းလျာများကို ခူးခပ်ပြီးသောအခါ ထမင်းစားစားပွဲခင်းကျင်းထားရာ အိမ်ရှေ့ခန်းသို့ ယူဆောင်သွားပြီး မိသားစုထမင်းလက်ဆုံစားရခြင်းသည် မြန်မာတို့ဓလေ့တစ်ခုဖြစ်သည်။
မြန်မာအိမ်များ တစ်စတစ်စလျော့နည်းလာပြီး တိုက်ခန်းများနေရာယူလာသည့် နောက်ပိုင်းခေတ်များတွင်တော့ မီးဖိုဆောင်၊ မီးဖိုခန်း ဆိုသည်က အိမ့်နယ်နိမိတ်အတွင်း မထည့်မဖြစ်ထည့်သွင်းတည်ဆောက်ရသည့် အခန်းနေရာတစ်ခု ဖြစ်လာတော့သည်။ များသောအားဖြင့် မီးခိုးများ၊ ညှော်နံ့များ လွတ်လပ်စွာထွက်ခွာနိုင်ရန် အိမ့်နောက်ဖေးနေရာတွင်ဖြစ်သည်။ ခေတ်လိုအပ်ချက်နှင့် အနေအထား၏တောင်းဆိုမှုဖြင့် ရေချိုးခန်းနှင့်အိမ်သာတို့သည်လည်း အိမ့်နယ်နိမိတ်အတွင်း မရှိမဖြစ်ပါဝင်ဖွဲ့စည်းတည်ဆောက်ရမည့် အခန်းနေရာများဖြစ်ရကား အိမ်၏နောက်ဘက်ဆုံးအကျဆုံးနေရာတွင် အိမ်သာ၊ ရေချိုးခန်းနှင့် မီးဖိုဆောင်တို့သည် နန်းပြိုင်မင်းလျာများအဖြစ် နန်းလုနေကြရတော့၏။ ကျယ်ဝန်းသောပမာဏရှိသည့်တိုက်ခန်းများအတွက်ကတော့ မထောင်းတာ။ အ၀င်လျှောက်လမ်း၏တစ်ဖက်တစ်ချက်ကို တစ်ဖက်ခြမ်းက အိမ်သာနှင့်ရေချိုးခန်း၊ တစ်ဖက်ခြမ်းက မီးဖိုဆောင်အဖြစ် ဖက်ဒရယ်မူအရ ခွဲခြားသတ်မှတ်၍ရနိုင်သေးသည်။
ကျယ်သောတိုက်ခန်းများတွင် နောက်ဖေးဆောင်ဖက်ဒရယ်မူအရ နယ်နိမိတ်ခွဲခြားခြင်းက သူ့အခန်းပမာဏနှင့်သူ လှုပ်သာလှည့်သာရှိသေးသော်လည်း ကျဉ်းသည့်ပမာဏရှိသည့်တိုက်ခန်းများအတွက်တော့ မလှုပ်သာမလှည့်သာ။ ဥပမာအားဖြင့် ပေ ၂၀ အနံရှိသည့် နောက်ဖေးခန်းတွင် အလယ်အူကြောင်း လေးပေချန်၊ ဟိုဘက်သည်ဘက် ရှစ်ပေစီကျယ်သည့်နယ်နိမိတ်အတွင်း စိတ်တိုင်းကျ ငြိမ်းချမ်းစွာအတူပူးတွဲနေထိုင်နိုင်မည်ဖြစ်သော်လည်း ၁၂ ပေ အနံမျှသာရှိသည့် နောက်ဖေးခန်းအတွက်မူ အလယ်အူကြောင်းသုံးပေခန့်ပဲချန်သည်ထားဦး ဟိုဘက်သည်ဘက် လေးပေခွဲလောက်မျှနှင့်တော့ ဘယ်လိုမှလွတ်လွတ်ကင်းကင်းဖြစ်နိုင်မည်မဟုတ်တော့။ ပွတ်တိုက်မှုအနည်းနှင့်အများတော့ ကြုံကိုကြုံရမည်သာ။ အနံကျဉ်းသောတိုက်ခန်းဖြစ်လေလေ ပွတ်တိုက်မှုဖြစ်စဉ် ပိုမိုရင်ဆိုင်ရလေလေကတော့ နောက်ဖေးဆောင်ဖက်ဒရယ်မူ၏ သီအိုရီတစ်ရပ်ပင်ဖြစ်နေလေတော့၏။
ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com