ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စုမှ တောင်သူ ၂၀၀ ဦး တို့က သိမ်းဆည်းမြေများ ပြန်လည်ရရှိရေးအတွက် ဇူလိုင် ၁၃ ရက်၊ နံနက် ၉ နာရီက မြို့ဦး(၂)ကျေးရွာတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။
အဆိုပါကျေးရွာအုပ်စုသည် လယ်ယာမြေဧက ၃၀၀၀ ကို ၁၉၈၅ခုနှစ်တွင် ထီးခမ်းအကျဉ်းဦးစီးဌာနမှ ကော်ဖီစီမံကိန်းပြုလုပ်ရန်နှင့် ဘန်းကန်အကျဉ်းဦးဌာနက စိုက်ပျိုးမွေးမြူရေးပြုလုပ်ရန်အတွက် သိမ်းဆည်းခဲ့သော်လည်း စီမံကိန်းမှာ ယနေ့ထိ မအောင်မြင်ဘဲ ရှိနေ၍ ပြန်လည်တောင်းဆိုခြင်းဖြစ်သည်ဟု တောင်သူများက ပြောသည်။
ထိုအကျဉ်းဦးစီးဌာနများက ဧက ၃၀၀၀ သိမ်းယူထားသော်လည်း စီမံကိန်းအသုံးပြုထားသည့် မြေမှာ ဧက ၅၀၀ ကျော်သာရှိသည်ဟု သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသူများကဆိုသည်။
သိမ်းဆည်းမြေများကိုပြန်လည် ရရှိစေရန်အတွက် ၂၀၁၁ခုနှစ်မှစတင်၍ ပြည်နယ်အစိုးရအဖွဲ့ထံသို့ အကြိမ်ကြိမ်တင်ပြတောင်းဆိုခဲ့သော်လည်း အကြောင်းမထူးသောကြောင့် အစိုးရသစ်ထံသို့ ထပ်မံ တင်ပြတောင်းဆိုသွားမည်ဟု ဆိုသည်။ အကြောင်းမထူးပါက တောင်ကြီးမြို့ပေါ်တက်၍ ဆန္ဒပြတောင်းဆိုရန်လည်း စီစဉ်သွားမည်ဟု မြေရရှိအောင်ဆောင်ရွက်သူများကဆိုသည်။
အဆိုပါကျေးရွာအုပ်စုမှ လယ်သိမ်းခံတောင်သူ ဦးရွှေထွန်းက "သိမ်းတုန်းကလည်းဘာမှမပေးဘူး။ ကျွန်တော်တို့လည်း လုပ်စားစရာမရှိဘူး။ ဒါကြောင့် ဘာမှမလုပ်တဲ့မြေကို ပြန်လိုချင်တာပါ။ ရအောင်လုပ်သွားမယ်။ အစိုးရသစ်လက်ထက်မှာ ရမယ်လို့မျှော်လင့်ပါတယ်။"ဟုပြောသည်။
မြေသိမ်းခံတောင်သူ ဦးကျင်ဆောင်က "အကျဉ်းဦးစီးဌာနကို ဖယ်ခိုင်းတာမဟုတ်ပါဘူး။ သူတို့ဘာမှအသုံးမပြုတဲ့မြေကိုပဲတောင်းတာပါ။"ဟုပြောသည်။
အဆိုပါမြေများပြန်လည် ရရှိစေရန်အတွက် မြေသိမ်းဆည်းခံတောင်သူများအနေဖြင့် ပြည်နယ်အစိုးရအဖွဲ့နှင့်တွေ့ဆုံ၍ အမြန်ဆုံးရရှိရေး တောင်းဆိုသွားမည်ဟု သတင်းစာရှင်းလင်းပွဲသို့တက်ရောက်လာသူများကဆိုသည်။
Credit: Mizzima