ဟားခါးခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ ရက်(၁၀၀)စီမံချက်အရ ကျေးရွာမြေငှား ဂရန်များ ပေးအပ်ပွဲကို ဇူလိုင် ၉ ရက်နေ့က ဟားခါးခရိုင် ထန်တလန် မြို့နယ်၊ လုံဇာ့ရ်ကျေးရွာ အုပ်စု ခွါဖိုးကျေးရွာ ကျေးရွာခန်းမ၌ ကျင်းပသည်။
အဆိုပါ ကျေးရွာ မြေငှားဂရန်များ ပေးအပ်ပွဲတွင် ဟားခါးခရိုင် အုပ်ချုပ်ရေးမှူး ဦးထူးလွင်က အဖွင့် အမှာစကား ပြောကြားပြီး ခရိုင်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှူးဦးရဲရင့်က ကျေးရွာ မြေငှားဂရန်များ ထုတ်ပေးခြင်းနှင့် ပတ်သက်၍ လည်းကောင်း၊ ထန်တလန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မင်းက ကျေးရွာ မြေငှားဂရန်များ ထုတ်ပေးနိုင်ရေး လုပ်ငန်း ဆောင်ရွက်မှု အဆင့်ဆင့်တို့ကို လည်းကောင်း ရှင်းလင်း တင်ပြကြသည်။
ထို့နောက် ဟားခါးခရိုင် အုပ်ချုပ်ရေးမှူး ဦးထူးလွင်၊ ထန်တလန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မင်းနှင့် တာဝန်ရှိသူများက အိမ်ထောင်စု (၅၀)စုအတွက် ကျေးရွာ မြေငှားဂရန်များကို
အိမ်ထောင်ဦးစီး များထံ တစ်ဦးချင်းပေးအပ်ခဲ့ ကြပြီး ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
ကျေးရွာမြေငှားဂရန်များ ပေးအပ်မှုနှင့် ပတ်သက်၍ ဒေသခံတစ်ဦးက “ယခုလို ကျွန်တော်/ ကျွန်မတို့ ကျေးရွာကို အိမ်ခြံမြေပိုင်ဆိုင်မှု အထောက် အထားဖြစ်တဲ့ မြေငှားဂရန်များ ကျေးရွာအရောက် လာရောက် ပေးအပ်တဲ့ အတွက် တာဝန်ရှိသူ အဆင့်ဆင့်နှင့် နိုင်ငံတော်အစိုးရကို အထူးကျေးဇူးတင်ပါတယ်၊ အိမ်ခြံမြေ ပိုင်ဆိုင်မှုနှင့် ပတ်သက်လို့ စိုးရိမ်သောက ပူပန်စရာ မလိုတော့ဘူးပေါ့” ဟူ၍ ကျေးဇူးတင် ဝမ်းမြောက် စကားပြောကြားခဲ့သည်။
Credit: MOI Webportal Myanmar