မြို့တော်ရန်ကုန်လို့ ဆိုလိုက်တာနဲ့ ရှေးအစဉ်အဆက်ကတည်းကပင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး နည်းဥပဒေများကိုပြဋ္ဌာန်း၍ မြို့တော်သန့်ရှင်းသာယာရေးကိစ္စရပ်များနှင့် မြို့တော်ဖွံ့ဖြိုးစည်ပင်ရေးကိစ္စရပ်များကို ဆောင်ရွက်
ခဲ့ခြင်းကြောင့် နိုင်ငံတကာမျက်နှာစာတွင် စံထားခဲ့ရသည့် အရှေ့တောင်အာရှဂုဏ်ဆောင် မြို့ကြီးတစ်မြို့လည်း ဖြစ်ခဲ့ရသည်။
ထို့ကြောင့် မြို့တစ်မြို့၏ မြို့ပြလုပ်ငန်းဆောင်တာများ ဟန်ချက်ညီညီလည်ပတ်နိုင်ရန်၊ နေချင့်စဖွယ်သော မြို့ပြပတ်ဝန်းကျင်ကို ဖန်တီးဖော်ထုတ်နိုင်ရန်နှင့် ထူးခြားမှုဝိဥေပြည့်စုံရာ မြို့ပြသွင်ပြင်လက္ခဏာများ၊ မြို့ပြပင်ကိုဟန်များကို ထိန်းသိမ်းနိုင်ရန် ရည်စူးလျက် မြေအသုံးချခြင်း၊ မြို့ပြဖွံ့ဖြိုးရေးနှင့် အဆောက်အအုံတည်ဆောက်ခြင်း ဆိုင်ရာဇုန်များကို သတ်မှတ်လေ့ရှိသည်။ နိုင်ငံတကာက မြို့တွေတော်တော်များများမှာလည်း ဒီအတိုင်းဘဲ ကျင့်သုံးကြတာ ဖြစ်ပါတယ်။
စည်ပင်သာယာရေးနည်းဥပဒေများသည် လျင်မြန်စွာပြောင်းလဲဖြစ်ပေါ်နေသောအခြေအနေများကို ခြုံငုံနိုင်မှုမရှိတော့သဖြင့် ခေတ်စနစ်နှင့်ကိုက်ညီသော ထိန်းသိမ်းမှုနည်းလမ်းများကို ထပ်မံဖြည့်စွက်သတ်မှတ်ရန် လိုအပ်လာပြီဖြစ်တဲ့ အတွက်ကြောင့်လည်း ယနေ့ခေတ် နိုင်ငံတကာတွင်ကျင့်သုံးလျက်ရှိသည့် မြေအသုံးချမှုနှင့် ဇုန်ခွဲခြားသတ်မှတ်မှု နည်းလမ်းများကို စနစ်တကျကျင့်သုံးနိုင်ဖို့အတွက် ရန်ကုန်မြို့တော် မြေအသုံးချမှုနှင့် ဇုန်ခွဲခြားသတ်မှတ်မှု၊ မြို့ပြဖွံ့ဖြိုးရေးဆိုင်ရာအဆိုပြုပုံစံများ စိစစ်အကြံပြုခြင်းလုပ်ငန်းကော်မတီကိုဖွဲ့စည်းထားခဲပြီးပါပြီ ။
ရန်ကုန်မြို့တော်စည်ပင်သယာရေးကော်မတီမှ ဌာနမှူးများနှင့် ပညာရှင်များ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့၊ မြန်မာနိုင်ငံဗိသုကာအသင်းနှင့် JICA study team တို့မှ ပညာရှင်များဖြင့် ၂၀၁၃ ခုနှစ် မေလ ၂၉ ရက်တွင် ဖွဲ့စည်းခဲ့ပြီး ရန်ကုန်မြို့၏ မြေအသုံးချခြင်းနှင့် တည်ဆောက်မှုဇုန်များသတ်မှတ်ခြင်းကို လေ့လာဆောင်ရွက်ခဲ့ကြရပါတော့တယ် ။ဒါပေမယ့် အကြောင်းကြောင်းတွေကြောင့် ဒီဇုန်သတ်မှတ်ချက်တွေဟာ အရင်အစိုးရလက်ထက်မှာ ကျင့်သုံးနိုင်ခြင်း မရှိခဲ့ပါဘူး။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဌာနအသီးသီးမှ လက်ရှိထုတ်ပြန်ကျင့်သုံးလျက်ရှိသော ထိန်းသိမ်းကန့်သတ်မှုများအားလုံးကိုပါ ခြုံငုံသုံးသပ်ပြီး တစ်ပြေးညီဖြစ်စေရန် ညှိနှိုင်းဆောင်ရွက်ခြင်းများ၊ လိုအပ်သည်တို့ကို ဖြည့်စွက်ခြင်းများကိုပါ ဆောင်ရွက်ခဲ့သည့်အတွက်ကြောင့်လည်း ရန်ကုန်မြို့ရဲ့ မြေအသုံးချခြင်းနှင့် အဆောက်အအုံအမြင့်ဇုန်များ အလုပ်ရုံဆွေးနွေးပွဲတို့ကိုလည်း ၂၀၁၃ ခုနှစ် ဇွန်လ ၁၉ ရက်တွင် တစ်ကြိမ်၊ ဆိုခဲ့ပါနှစ် ဒီဇင်ဘာလ ၃ ရက်တွင်တစ်ကြိမ် ကျင်းပခဲ့ရာ အလုပ်ရုံဆွေးနွေးပွဲများသို့ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ မြို့ပြပညာရှင် အကြံပေးပုဂ္ဂိုလ်များအပါအ၀င် အစိုးရဌာနဆိုင်ရာအသီးသီးမှ ပုဂ္ဂိုလ်များ၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်အသင်း၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၊ မြန်မာနိုင်ငံဗိသုကာအသင်း အစရှိသော အစိုးရမဟုတ်သည့်အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များ၊ ၀ါရင့်မြို့ပြပညာရှင်ကြီးများ၊ စာနယ်ဇင်း ပုဂ္ဂိုလ်များ၊ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်ဦးလှမြင့်) နှင့် ကော်မတီဝင်များ၊ ဌာနမှူးများ၊ အရာထမ်းများ တက်ရောက်ဆွေးနွေးခဲ့ကြပြီး မူဝါဒ အကြမ်းတော့ ထွတ်လာခဲ့ပြီးဖြစ်ပါတယ်။
၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်တွင် ကျင်းပသော အလုပ်ရုံဆွေးနွေးပွဲများသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့သည်။ ဆိုခဲ့ပါဆွေးနွေးချက်များကို ပေါင်းစည်းထည့်သွင်း
စဉ်းစားကာ လကိရှိ မြို့မြေအသုံးချခြင်းနှင့် အဆောက်အအုံအမြင့်ဇုန်များကို သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
ရန်ကုန်မြို့၏ ထူးခြားသောသွင်ပြင်လက္ခဏာများကို ထိန်းသိမ်းပြီးလူနေမှုအဆင့်အတန်းမြှင့်တင်ပေးနိုင်မည့်
ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်မှု (Sustainable Development) မျိုး ဖော်ဆောင်နိုင်ရန်၊ ရန်ကုန်မြို့၏ ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်မှုအတွက် ဘက်စုံထောင့်စုံဌာနအသီးသီးမှသုံး
သပ်သတ်မှတ်ထားသော ဇုန်သတ်မှတ်ချက်များနှင့် အခြား မြို့ပြဖွံ့ဖြိုးမှုဆိုင်ရာစီမံကြပ်မတ်မှုများကို တစ်ပြေးညီ ချမှတ်ကျင့်သုံးနိုင်ရန်၊ ရန်ကုန်မြို့၏ ဖွံ့ဖြိုးတိုးတက်မှုကို လမ်းညွှန်ထိန်းကျောင်းရာတွင် ပွင့်လင်းမြင်သာပြီး စနစ်တကျရှိစေရန် ဟူသောရည်ရွယ်ချက်များဖြင့် မြို့မြေအသုံးချခြင်းနှင့် အဆောက်အအုံအမြင့်ဇုန်များ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
အကျယ်အ၀န်း မိုင် ၃၀ ပတ်လည် စီမံကိန်းကြီး အတွင်းမှာ အတွင်းပတ်လမ်း ၊အပြင်ပတ်လမ်းတွေ ၊ အထပ်မြင့် ၊ အထပ်နိမ့် ဇုန်သတ်မှတ်ချက်တွေ ၊ စက်မှုဇုန်တွေ နဲ့ စနစ်တကျ ရေးဆွထားတဲ့ ဒီစီမံကိန်းဟာ ၂၀၄၀ မှာ လူဦးရေ ၁၀ သန်းအထိ ချောင်ချောင်ချိချိ နဲ့ နေထိုင်နိုင်အောင် ပြင်ဆင်ရေးဆွဲထားတဲ့ အတွက် အမှန်တကယ် အကောင်အထည်ဖော်ပေးရမှာ ဖြစ်ပါတယ်။
စီမံကိန်း လုပ်ငန်းကြီး တစ်ခုလုံးကို စနစ်တကျ နဲ့ အပိုင်းလိုက် အပိုင်းလိုက် လုပ်ရမှာဖြစ်ပါတယ်၊ မြို့သစ်ဆယ်ခု တည်ထောင်လိုက်ချင်ပေမယ့် ခေတ်အဆက်ဆက် ဖြစ်ချင်
သလို ဖြစ်ခဲ့တဲ့ မြို့ဟောင်းတစ်ခုကို ပြန်ပြင်ရတာ အရမ်းခက်တယ်လို့လည်း ပညာရှင်တွေက ပြောဆိုလာကြပါတယ်။ဒါပေမယ့်လည်း မပြုပြင်ဘဲ ထားရင် ပိုပြီး ပျက်စီးသွားနိုင်လို့ တော့ တစ်ဖြည်းဖြည်းနဲ့ အချိန်ယူ ပြုပြင်ဖို့လိုပါတယ်။
ရန်ကုန်မြို့သည် ဥက္ကလာပမင်းကြီးလက်ထက် ဇနပုဒ်အဆင့်မှသည် အလောင်းမင်းတရားလက်ထက် ရန်ကုန်ဟု အမည်သစ်ခေါ်တွင်မှုအလယ်၊ ကိုလိုနီခေတ် ပင်လယ်ဆိပ်ကမ်းမြို့တော်အဖြစ် အရေးပါလာမှုများဆီမှ ယခုလက်ရှိမျက်မှောက်ခေတ်အခြေအနေအထိ
ခေတ်စနစ်ပေါင်းစုံကိုဖြတ်သန်းကာ တိုးတက်တည်ရှိလာသောမြို့ ဖြစ်သည်။ ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်းတို့ စုဆုံပေါင်းစည်းရာဖြစ်၍ စီးပွားလုပ်ရန်အခွင့်အလမ်းသာလွန်မှုကြောင့် အနယ်နယ်အရပ်ရပ်မှလူများ ခိုလှုံရောက်ရှိရာမြို့ဖြစ်သဖြင့် လူဦးရေကလည်း တစ်နေ့တခြားတိုးမြင့်ထူထပ်လာသည်။
တိုးမြင့်လာသော ရန်ကုန်နေလူဦးရေနှင့် လိုက်လျောညီထွေရှိစွာ မြို့ဧရိယာကိုချဲ့ထွင်လာရရာ တစ်စတစ်စကျယ်ပြောလာသော ရန်ကုန်နယ်နိမိတ်သည် တစ်ပြန့်တစ်ပြောပင်ဖြစ်တော့သည်။ သို့ရာတွင် အနယ်နယ်မှ တသဲသဲတဖွဲဖွဲဝင်ရောက်လာသော ရန်ကုန်ခိုလူဦးရေသည် လျော့ပါးသွားသည်မရှိခဲ့။ ယခုခေတ်ကဲ့သို့ နိုင်ငံတကာအသိပညာနှင့် ခေတ်မီနည်း
ပညာများ ဆာလောင်အရေးပါလာသောအခြေအနေတွင် ရန်ကုန်သည် ဘ၀တက်လမ်းအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါများရာ ဘူမိနက်သန်ဖြစ်နေလေရကား လူနေပိုထူထပ်လာတော့သည်။
လူထူတိုင်း မြို့ကွက်ချဲ့နေရလျှင် မြို့ပြအသွင်လက္ခဏာများပျက်စီးမည့်အရေး ရှိနေသဖြင့် လူနေထူထပ်မှုလည်းပြေလည်စေ၊ ခေတ်မီအဆောက်အအုံများလည်းတိုးပွားစေ၊ မြို့ပြသမိုင်းအမွေအနှစ်များလည်း တည်တံ့စေဟူသောသုံးဖက်လှအကျိုးသက်ရောက်မှုရှိစေရေးအတွက် မြို့ပြပညာရှင်များက ကြိုးပမ်းလျက်ရှိကြသည်။ ထို့ကြောင့်လည်း ရှေးမူမပျက် ရှေ့ဆက်ခေတ်မီနေစေမည့် ရန်ကုန်မြို့၏အနာဂတ်ကို ဖန်တီးနိုင်ရန်မှာ မြို့ပြပညာရှင်များချည်းဆောင်ရွက်ရမည်မဟုတ်ဘဲ ရန်ကုန်နေနိုင်ငံသူ၊ နိုင်ငံသားအားလုံးက စည်းကမ်းပြည့်ဝစွာလိုက်ပါကူညီနေထိုင်ခြင်းဖြင့် ကူညီမှသာရန်ကုန်၏အနာဂတ်ကို ရွှေနားကွပ်နိုင်
မည်ဖြစ်ပေတော့သည်။
ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com