အရင်ကဝယ်ချင်တဲ့မြို့နယ်နေရာသီးသန့်တွေကို ဈေးကောင်းပေးဝယ်တဲ့အထိ ကြော်ငြာပြီးအဝယ်ရှိခဲ့ပေမယ့်သည်နောက်ပိုင်းမှာတော့ ရောင်းချင်တဲ့ မြေကွက်နေရာတွေကို သီးသန့် ကြော်ငြာပြီး အရောင်း တင်ကြရတာတွေ ရှိလာတယ်လို့ အိမ်ခြံမြေဈေးကွက် အတွင်းက သိရတယ်။
အိမ်ခြံမြေဈေးကွက်က အဝယ်ပျောက်တယ်ဆိုပေမယ့် သိန်း ၅၀ဝ နဲ့အထက်လောက်သာ ဖြစ်ပြီး သည်နောက်ပိုင်းမှာ ဈေးကွက်အားလုံး ပျောက်နေခဲ့တာ ဖြစ်တယ်။ တချို့က ဝယ်ဖို့ အမေးရှိပေမယ့် ခေါ်ထားတဲ့အကွက်တန်ဖိုးရဲ့ ထက်ဝက်လောက်အထိ ဈေးဆစ်ပြီး ဈေးလှန်ပစ်တာတွေ ရှိတယ်လို့ ပြောပါတယ်။
ဝယ်ရောင်းအကျိုးဆောင် ဦးဝင်းနိုင်က “ဈေးကွက်ထဲမှာ ဈေးခေါ်လိုက်ရင် ကြားပွဲစားက ပွဲမဖြစ်ခင်ကတည်းက ရောင်းရမယ့်ဈေးပဲ ဖွင့်ခိုင်းကြတယ်၊ အရင်က ဈေးခေါ်ရင် ဈေးနည်းမှာစိုးလို့ ဈေးကွက်စုံစမ်းရတာကနေ အခုနောက်ပိုင်း ဈေးပိုများသွားလို့ ခဏခဏ ဈေးပြင်ရောင်းရတာတွေ ဖြစ်နေတယ်” လို့ ပြောပါတယ်။
ဈေးကွက်အဝယ်ဆင်းတဲ့ပုံစံ အများစုက နေရာနဲ့ အခန်းအကျယ်၊ အခန်းအမျိုးအစား စတာတွေထက် ဝယ်လက်ဘက်က တတ်နိုင်တဲ့ဈေးကို ပြောပြီး ဈေးဆစ်တာမျိုးတွေ ရှိလာပါတယ်။ တချို့က ဝယ်လက်ဘက်က တိုက်ရိုက်ဈေးဆစ်တာမျိုး မဟုတ်ဘဲ မြေရှင် ဈေးဖွင့်ကတည်းက အကျိုးဆောင်က ကြိုတင်ဆစ်ကြတာတွေလည်း ရှိတယ်လို့ သိရတယ်။
တိုက်ခန်း အရောင်းအဝယ်တွေမှာလည်း အရင်က နေရာအကွက်ပေါ် မူတည်ပြီး ကျပ်သိန်း ထောင်ချီဈေးကွက် ရှိခဲ့ပေမယ့် အခုနောက်ပိုင်းမှာ အတွင်းလမ်းတွေရဲ့ မြေညီထပ် တိုက်ခန်းဈေးတွေဆိုရင် သိန်း ၆၀ဝ၊ ၇၀ဝ လောက်သာ ဈေးအခေါ် လက်ခံပေးတယ်”လို့ ပြောပါတယ်။
ဝသုန်အကျိုးဆောင်မှ ဦးမောင်ဝင်းက “ကြိုပွိုင့်တွေရဲ့ အရောင်းအဝယ်က မရှိသလောက် ရှားလာတာ၊ အများစုက အရစ်ကျ ဈေးနှုန်းတွေနဲ့ အရစ်ကျ ဆောက်လုပ်စရိတ်ရအောင် ဈေးခေါ်လာတွေလည်း ရှိတယ်။ အဓိက ဈေးနှုန်းသက်သာတဲ့ သိန်း ၂၀ဝ ဝန်းကျင်နဲ့ ၂၀ဝ အောက်တွေကို ရှာပြီး နေဖို့ဝယ်ကြတာတွေ စုံစမ်းတာတွေ ရှိလာတယ်”လို့ ပြောပါတယ်။
အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးကွက်ကတော့ တန်ဖိုးနည်း အရှုပ်အရှင်းကင်း မြေကွက်တွေဖြစ်ပြီး အိမ်မပါတဲ့မြေကွက်တွေကိုလည်း စိတ်ဝင်စားမှု ရှိကြတယ်။ မြေကွက်သီးသန့်ဈေးကွက်တွေမှာတော့ ခေါ်ဈေးထက် ဈေးလျှော့တာနည်းပေမယ့် လူနေတဲ့အိမ်၊ တိုက်ခန်းတွေကိုတော့ ခေါ်ဈေးထက် ပိုဆစ်တာတွေ ရှိတယ်လို့ သိရပါတယ်။
Credit : Kumudra News