ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
တရုတ်ပြည်ကြီး၏ ရာဇဝင်သည် ရှည်လျားခမ်းနားလှသည်နှင့်အမျှ ၎င်းတို့၏ ရှေးခေတ်ဗိသုကာပညာအချို့မှာလည်း ရင်သိမ့်တုန်ဖွယ် ကောင်းလှ၏။
ရှေးခေတ် အဆောက်အအုံများစွာကို ဆန်၊ သကြား၊ သွေးတို့ဖြင့် ဆောက်လုပ်ခဲ့သည်ဟုဆိုလျှင် သင့်အဖို့ ယုံနိုင်ဖွယ် ရှိမည် မဟုတ်ချေ။
နန်ကျင်းမြို့၏ မြို့တံတိုင်းကြီးသည် လွန်ခဲ့သော နှစ်ပေါင်း ၆၀၀ ခန့်က ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး မင်မင်းဆက် မင်းနေပြည်တော်၏ ပထမခံစစ်စည်းလည်း ဖြစ်သည်။
နန်ကျင်းမြို့တံတိုင်းကြီးသည် မူလက အလျား ၂၂ မိုင်ရှိပြီး အုတ်ခဲပေါင်း သန်း ၃၅၀ ဖြင့် ဆောက်လုပ်ခဲ့ကာ အများစုမှာ ရာသီဥတု၏ ရိုက်ပုတ်မှုအောက်တွင် ရာစုနှစ်များစွာ ကျော်လွှားဖြတ်သန်းကာ ယနေ့တိုင် ရပ်တည်နေနိုင်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ်အတွင်း မြို့တံတိုင်းကြီး၏ ကြံ့ခိုင်မှုအခြေအနေကို ဆန်းစစ်ရန်အတွက် တရုတ်သုတေသနပညာရှင်အဖွဲ့တစ်ခုက အင်္ဂတေသရွတ်နမူနာများကို ရယူကာ ဓာတ်ခွဲစမ်းသပ်ခဲ့ကြသည်ဟု ဆိုသည်။
ယင်းသို့ ဓာတ်ခွဲတွေ့ရှိချက်အရ အင်္ဂတေသရွတ်တွင် ပါဝင်သော လျှို့ဝှက်ပစ္စည်းတစ်ခုမှာ တရုတ်အစားအစာများ၏ အဓိကပါဝင်ပစ္စည်း တစ်မျိုးဖြစ်သော စေးကပ်မှုများသည့် အညံ့စားဆန်တစ်မျိုးပါဝင်သည်ကို တွေ့ခဲ့ကြသည်။
ဆန်စေး၊ ထမင်းရည်တို့ကို ကော်အဖြစ် အသုံးပြုခြင်းမှာ ဆန်းကြယ်လှသည့် အကြောင်းရပ်ကား မဟုတ်ချေ။
ရှေးနှစ် ထောင်ပေါင်းများစွာကတည်းကပင် တရုတ်ဗိသုကာပညာရှင်တို့သည် ထမင်းကော်ရည်ကို ထုံးသရွတ်နှင့် ရောသမမွှေကာ တိုင်းပြည်တစ်လွှားတွင် မြို့ရိုးများ၊ ဘုရားများ၊ တံတားများ၊ အုတ်ဂူများ ဆောက်လုပ်ခဲ့ကြသည်။
ဦးစွာအားဖြင့် ဆန်ကို ကော်ရည်ဖြစ်သည်အထိ ချက်ရ၏။ ယင်းနောက် သဲ၊ ထုံးတို့ဖြင့် ရောစပ်ရခြင်း ဖြစ်သည်။
“ဒီလို ကစီဓာတ်ရောယှက်ထားရှိမှုဟာ အရေးပါတဲ့အချက်အလက်တစ်ခုဖြစ်ပြီး တရုတ်ဗိသုကာသမိုင်းအတွက် တန်ဖိုးရှိတဲ့ သမိုင်းအထောက်အထားတစ်ခုလည်းဖြစ်ပါတယ်”ဟု စီချွမ်တက္ကသိုလ်မှ သုတေသီများဖြစ်သော ယန်ပင်းလိုနှင့် ယုကျိချမ်တို့က ပြောကြားသည်။
တံတိုင်း၏ ခိုင်မာမှုနှင့် စိမ့်ဝင်နိုင်မှု နည်းပါးသည့်အချက်တို့ကြောင့် တရုတ်ကွန်ကရစ်ဟု တင်စားကြသည်။
အဆိုပါ တံတိုင်း၏ အင်္ဂတေသရွတ်တို့ကို သွေးဖြင့် ရောစပ်ပြုလုပ်ထားသည်ဟု ဆိုသည်။
တားမြစ်ထားသည့်မြို့တော် (Forbidden City) ဟု ကမ္ဘာကျော်သော မြို့တော်ဟောင်းကြီးကို ၁၅ ရာစုအတွင်းက ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါမြို့တော်ကြီး၏ ခန်းမများ၊ ပန်းခြံများမှ နမူနာ ရယူလေ့လာခဲ့သည့် သရွတ်တို့တွင်လည်း ကစီဓာတ်များ တွေ့ရသည်ဟု ဆိုသည်။
အလားတူပင် မင်မင်းဆက်အတွင်း ပြုပြင်မွမ်းမံမှု များ ကြီးမားစွာ ပြုလုပ်ခဲ့သည့် မဟာတံတိုင်းကြီး (Great Wall of China) ၏ အချို့ သော နေရာများမှ နမူနာများ ရယူစစ်ဆေးရာ တွင်လည်း အလားတူရလဒ်များ တွေ့ရှိရသည်။
သို့ရာတွင် ရန်ကျင်းခရိုင်ကို ဖြတ်သန်းသွားသော မဟာတံတိုင်းကြီးမှ ရယူထားသော နမူနာများတွင်မူ တိရစ္ဆာန် သွေးများ ပါဝင်မှုကို စစ်ဆေးတွေ့ရှိရပြီး ထိုသို့တွေ့ရသည့်နေရာ မှာမူ ၅ နေရာခန့်သာ ရှိသည်ဟုလည်း ဆိုသည်။
နံရံတံတိုင်းများ ဆောက်လုပ်ရာတွင် တိရစ္ဆာန်သွေးများ ထည့်သွင်းသည်ဟူသော အချက်မှာ ထိတ်လန့်ဖွယ်ရာဖြစ်သော် လည်း စင်စစ်ကား အခြားသောလူ့အဖွဲ့အစည်းများစွာတွင်လည်း အသုံပြုခဲ့ကြဖူးသည်။
သမိုင်းအချက်အလက်များအရ ပြင်သစ်၊ အီတလီနှင့် အင်္ဂလန်တို့တွင်လည်း နွားသွေးကို ထုံးနှင့်ရောကာ သရွတ်ကိုင်ခဲ့ကြ သည်ဟု ဆို၏။
၂၀၁၄ ခုနှစ်က ပြုလုပ်ခဲ့သော လေ့လာချက်တစ်ရပ် တွင် တရုတ်ပြည်အတွင်း ဆောက်လုပ်ရေးသမားများသည် သရွတ်များကို ပိုမိုစေးကပ်ခိုင်မာစေရန်အတွက် ၀က်သွေးများ သုံးခဲ့ကြကြောင်း ဖော်ပြထားသည်။
ဝက်သွေးသည် လွယ်ကူစွာရရှိနိုင်ပြီး တရုတ်ပြည်တွင် ၀က်သွေးခဲ စွပ်ပြုတ်၊ ၀က်သွေးခဲများ ပြုလုပ်စားသောက်လေ့ ရှိ ကြသည်။
တရုတ်လူမျိုးတို့ နှစ်သက်သည့် အခြားသော ဇီဝပစ္စည်း များစွာမှာလည်း ရေဒဏ် မိုးဒဏ်ကို ခုခံရန် အသုံးဝင်ခဲ့ကြသည်။ နေရာပေါင်း ၈၇ ခုမှ ရယူခဲ့သော နမူနာများတွင် ဆီများ ပါဝင်နေသည်ကို လီနှင့် ကျန်းတို့ တွေ့ရှိခဲ့ကြပြီး tung oil ဖြစ် မည်ဟု ၎င်းတို့က ယုံကြည်သည်။
Tung Oil ကို သစ်ဖြင့်ဆောက်လုပ်သော လှေများတွင် ရေမ၀င်စေရန် ပိတ်ဆို့သည့်အရာအဖြစ် အသုံးများသည်။ အခြားပစ်္စည်းတစ်မျိုးဖြစ်သည့် အဖြူရောင်ရှိသော ဥအမျိုးမျိုးမှာလည်း ရေဒဏ်ခံနိုင်ရည်ရှိစေရုံမျှမက သရွတ်၏ကြံ့ခိုင်စေးကပ်မှုအားကိုလည်း ကောင်းမွန်စေသည်ဟု ဆိုသည်။
တရုတ်ပြည်၏ ပထမဆုံး ဧကရာဇ် ချင်းရှီဟွမ် လက်ထက်ထုလုပ်ခဲ့သော စစ်သည်တော်ရုပ်များတွင်လည်း ဥဖြူ အမျိုးမျိုးထည့်သွင်း အသုံးပြုခဲ့ကြသည်။ အဆိုပါရုပ်ထုများ သည် တစ်ချိန်ချိန်တွင် အသက်ဝင်လာမည့်ဟု ယုံကြည်ကြ သည်။
သုတေသီတို့၏ တွေ့ရှိချက်အရ သကြားညိုသည် လည်း သရွတ်များတွင် ရေပါဝင်မှုကို လျှော့ချပေးနိုင်ရုံမျှမက ခိုင် မာမှုကိုလည်း အားကောင်းစေကြောင်း တွေ့ခဲ့ကြသည်။
ရှေးဟောင်းစာပေတို့တွင် ဖော်ပြချက်များအရ ကြံ သကာ ၊ သကြား sucrose ကို တရုတ်ပြည် အရှေ့ တောင်ပိုင်းနှင့် အရှေ့ ပိုင်းတို့တွင် ခံတပ်များ၊ နေအိမ်များဆောက်လုပ်ရာတွင် အသုံးပြုခဲ့ကြသည်ဟု ဆိုသည်။
တရုတ်ပြည်ကြီးနှင့် အလှမ်းဝေးသော ရောမတွင်ကား အင်္ဂတေသရွတ်တွင် ပါဝင်ခဲ့သည့် လျှို့ ဝှက်ပစ္စည်းတစ်မျိုးမှာ မီးတောင်ပြာ ဖြစ်၏။
မီးတောင်ပြာသည် ထုံးသရွတ်၏ တာရှည်ခံနိုင်မှုကို မြင့်တက်စေပြီး ရေအောက်ဆောက်လုပ်မှုများ ပြုလုပ်နိုင်စေသည် ဟု ဆိုသည်။
အင်္ဂတေသရွတ်များတွင် မီးတောင်ပြာထည့်သွင်း အသုံးပြုမှုကို ဥရောပနှင့် အနောက်အာရှတစ်ခွင်တွင် အသုံး ပြုခဲ့ကြသည်။
သို့သော် မီးတောင်ပြာသည် ရှေးခေတ်တရုတ်ပြည် တွင်မူ မရနိုင်ခဲ့ချေ။
ရှေးခေတ် တရုတ်ဗိသုကာပညာရှင်တို့က ဒေသတွင်း ထွက်ကုန်ပစ်္စည်းများကို ဆောက်လုပ်ရေးပစ်္စည်းများအဖြစ် အသုံးပြုခဲ့ကြသည်။ အင်္ဂတေသရွတ်များကို ဖန်တီးထုတ်လုပ်ရာတွင် ကမ္ဘာတစ်ဝန်းတွင် တီထွင်ဆန်းသစ်မှု အမျိုးမျိုးပြုလုပ်ခဲ့ရာ ဖိလစ်ပိုင် တွင် အဖြူရောင်ဥအမျိုးမျိုးကို အသုံးပြုခြင်းမျိုးမှသည် ဘရာဇီးရှိ ဘုရားကျောင်းတစ်ခုတွင် ၀ိုင်များအသုံးပြုခြင်းမျိုးအထိ မျိုးစုံဖန် တီးမှုများ ရှိခဲ့ကြသည်။ ဒီဇိုင်းလက်ရာတို့မှာ အများအားဖြင့် ပုံသဏ္ဌာန်နှင့် အသုံးပြုပုံတို့ ကို အခြေခံ၍ ပေါ်ပေါက်လေ့ရှိကြသည်။
ဤသို့သော အရောအစပ်မျိုးအတွက် အတွေးအခေါ် ပညာသည်လည်း ကဗျာဆန်သော စိတ်ကူးစိတ်သန်းအဖြစ် တစ်မျိုးတစ်ဖုံ ပါဝင်ခဲ့ဟန်ရသည်။
““ရှေးခေတ် တရုတ်လူမျိုးတို့ဟာ ကောင်းကင်ဘုံနဲ့ လူသားတွေ တသားတည်းဖြစ်တဲ့ သဘာဝအမြင်မျိုးကို လက်ခံခဲ့ကြတယ်””ဟု လီနှင့် ကျန်းတို့က ရေးသားဖော်ပြခဲ့ကြသည်။
စိုက်ပျိုးရေး၊ သစ်တောနဲ့ တိရစ္ဆာန်ထွက်ကုန်တွေကို ဆောက်လုပ်ရေးပစ်္စည်းတွေအဖြစ် အသုံးပြုခြင်းဟာ ရှေးခေတ် ဗိသုကာဆိုင်ရာ ရသဗေဒကို ထင်ဟပ်နေပါတယ်။ ဗိသုကာနဲ့ သဘာဝတရားကို ပေါင်းစည်းဖို့ ရည်ရွယ်တဲ့ အလှတရားမျိုး ပေါ့။ထမင်းရည်၊ ကောက်ညှင်းဆန်နှစ်တို့ ပါဝင်သော သရွတ်ဖြင့် ဆောက်လုပ်ထားသည့် အဆောက်အအုံတို့သည် သဘာဝ၏ တိုက်စားမှုကို မယုံနိုင်လောက်အောင် ကြံ့ကြံ့ခံဖြတ်သန်းနိုင် ခဲ့ကြသည်။
၂၀၀၉ ခုနှစ်အတွင်း ထွက်ရှိခဲ့သည့် စာတမ်းတစ်ခု အရ အမတ်ကြီး ရှုဖူနှင့် ဇနီးတို့ကို မြှုပ်နှံထားသည့် အုတ်ဂူတစ်လုံး ကို ၁၉၇၈ ခုနှစ်တွင် တွေ့ရှိခဲ့ပြီး မြေတူးစက်တစ်ခုမှ မြေတူး ဖော်စဉ်တွေ့ရှိခဲ့ခြင်းဖြစ်ကာ အုတ်ဂူမှာ အလွန်ကြံ့ခိုင်လှသော ကြောင့် မြေတူးစက်က မည်သို့မျှဖျက်စီး၍ မရနိုင်ခဲ့ဟု ဆိုသည်။
အခြားအံ့ဖွယ်ဖြစ်ရပ်တစ်ခုမှာ ၁၆၀၄ ခုနှစ်အတွင်း ဆိပ်ကမ်းမြို့ ကလေးတစ်ခုဖြစ်သော ကွမ်ကျိုးမြို့ တွင် ပြင်းအား ၇ ဒသမ ၅ မဂ်္ဂနီကျုရှိ ငလျင်ကြီးလှုပ်ခတ်ရာ များစွာသော ဘုရားကျောင်းတော်များ၊ ရုပ်ပွားတော်များ၊ တံတားများမှာ အပျက်အစီးလုံးဝမရှိခဲ့ခြင်းပင်။
ကောက်ညှင်းဆန်ဖြင့် ရောနှောပြုလုပ်ထားသည့် အင်္ဂတေသရွတ်တို့၏ ဖောင်ဒေးရှင်းများမှာ အလွန်ခိုင်မာစွာရှိနေ ပြီး အက်ကွဲပျက်စီးခြင်းမျိုး လုံးဝမရှိခဲ့ချေ။
ယင်းသို့ ကြံ့ခိုင်သည့် အစွမ်းအာနိသင်များရှိခဲ့စေကာ မူ ချင်မင်းဆက် ခေတ်နှောင်းပိုင်းတွင် အဆိုပါဖျော်စပ်ပုံ နည်း လမ်းကို အသုံးမပြုကြတော့ချေ။
လီနှင့် ကျန်းတို့၏ ရေးသားချက်အရ ၁၈၈၉ ခုနှစ်တွင် ဟီဘေးပြည်နယ်တွင် တရုတ်ပြည်၏ ပထမဆုံး ဘိလပ်မြေစက်ရုံ ကို ဖွင့်လှစ်လိုက်သည့် နောက်ပိုင်းမှစတင်ပြီး ဇီဝထွက်ကုန်တို့ ရောနှောသည့် အင်္ဂတေသရွတ်တို့နေရာတွင် ဇီဝထုတ်ကုန်အခြေ မခံသည့် ဘိလပ်မြေတို့ တစထက်တစ နေရာယူလာခဲ့သည်။
သို့ရာတွင် ယနေ့ခေတ်သုတေသီတို့ကမူ အဆိုပါရှေး ဟောင်းသရွတ်ဖော်မြူလာတို့ ဆက်လက်အသုံးဝင်မည့် အလားအလာများရှိနေဆဲဖြစ်သည်ဟု သုံးသပ်နေဆဲဖြစ်ပြီး အ ထူးသဖြင့် ရှေးဟောင်းအဆောက်အအုံများ ကြံ့ခိုင်ရေးပြန်လည် မွမ်းမံရာတွင် ရှေးခေတ် ဖော်မြူလာအတိုင်းအသုံးပြုရန် ဖြစ်သည်။
ဘိလပ်မြေသည် ရှေးဟောင်းအဆောက်အအုံများ မွမ်းမံရာတွင်အသုံးပြုပါက ထိခိုက်မှုများရှိစေနိုင်ကြောင်း Uni- versity College London မှ ရှေးဟောင်းသုတေသနပညာရှင် ဒေါက်တာ ဂါတာနိုပါလမ်ဘိုက ပြောကြားသည်။
ဘိလပ်မြေမှာက ဆားဓာတ်မြင့်မားစွာ ပါဝင်တာ ကြောင့် ရိုးရာထုံးအခြေပြုသရွတ်တွေနဲ့ သဟဇာတမဖြစ်ပါဘူး။ တရုတ်ပြည်တွင် ရှေးဟောင်းအဆောက်အအုံ ပြုပြင်ထိန်းသိမ်းရေး သမားတို့သည် ရှေးခေတ်အဆောက်အအုံများကို ဆန်နှင့် ထုံးတို့ ရောနှောကာ အောင်မြင်စွာ မွမ်းမံနိုင်ခဲ့ကြသည်။
အချို့ ပညာရှင်များကမူ ရှေးခေတ် ကောက်ညှင်းဆန် နည်းစနစ်ကို ခေတ်သစ်နာနိုနည်းပညာနှင့်ပေါင်းစပ်ကာ ရှေးဟောင်းသမိုင်းဝင်အဆောက်အအုံနေရာများကို ပြုပြင်နိုင်မည့်နည်းလမ်းသစ်များ ဆန်းသစ်တီထွင်လာကြသည်။
““ဒါက ထုံးကျောက်ပဲဖြစ်ဖြစ်၊ ထုံးသရွတ်ပဲဖြစ်ဖြစ် ဘယ်လိုထုံးအခြေခံ အဆောက်အအုံမျိုးကိုမဆို ပြုပြင်မွမ်းမံနိုင်မယ့်နည်းလမ်းဖြစ်ပါတယ်””ဟု Getty Conservation Institute မှ သုတေသီတစ်ဦးဖြစ်သူ ဂျော့ခ်ျအိုတေးရိုးက ပြောကြားသည်။
၎င်းတို့အဖွဲ့သည် နည်းပညာသစ်၏ တာရှည်ခံနိုင်ရည် ရှိမှုကို စမ်းသပ်နေဆဲဖြစ်သည်။ သို့ရာတွင် ရှေးခေတ်ဆန်သရွတ် တို့၏ တာရှည်ခံနိုင်စွမ်းကားသမိုင်းက သက်သေပြနေခဲ့ပြီး ဖြစ် ၏။
မကြာမီတွင် ကမ္ဘာတစ်ဝန်းရှိ ရှေးဟောင်းသမိုင်းဝင် အဆောက်အအုံတို့ကို ကောက်ညှင်းဆန်သရွတ်တို့ဖြင့် ပြုပြင် မွမ်းမံလာကြဖွယ်ရာရှိသည်။
အိအိအေးအောင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com