ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
မိုဟာမက်အလီ၏ အမည်ရင်းမှာ ကက်စီးယပ်စ် မာစဲလပ်စ် ကလေး ဂျူနီယာဖြစ်ပြီး အမေရိကန်ပြည်ထောင်စု၊ ကင်တပ်ကီပြည်နယ်၊ လူးဝစ်ဗီးလ်မြို့တွင် ၁၉၄၂ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်တွင် မွေးဖွားသည်။
၁၉၈၄ ခုနှစ်တွင် ပါကင်ဆန်ရောဂါဖြစ်ပွားနေကြောင်း တွေ့ရှိခဲ့ကြပြီး လက်ဝှေ့ကစားခြင်းကြောင့် ဦးနှောက်ထိခိုက်မှုများမှတစ်ဆင့် ဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း သူ၏ ဆရာဝန်များက ပြောကြားခဲ့ကြသည်ဟု ဆိုသည်။ ၂၀၁၆ ခုနှစ် ၊ ဇွန်လ ၃ ရက်တွင် အရီဇိုးနားပြည်နယ်၊ စကော့ဒေးလ်မြို့တွင် ကွယ်လွန်သွားခဲ့သည်။
ယခုအခါ ဟဲဗီးဝိတ်လက်ဝှေ့ ချန်ပီယံဟောင်း မိုဟာမက်အလီနေထိုင်ခဲ့ဖူးသော လော့စ်အိန်ဂျလိနေအိမ် ကန်ဒေါ်လာ ၁၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာသည်။
Fremont Place ဟုခေါ်သော အိမ်ရာဝန်းတစ်ခုအတွင်း တည်ရှိပြီး ခြံဝန်းအကျယ် ၆ ဧကရှိကာ စံအိမ်ကို ၁၉၁၆ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
လော့စ်အိန်ဂျလိ၏ အထင်ကရ အဆောက်အအုံကြီးများဖြစ်သော ဂရစ်ဖစ်မျှော်စင်၊ Shrine Auditorium ခန်းမ အစရှိသည်တို့ကို ဒီဇိုင်းရေးဆွဲခဲ့သူ နာမည်ကျော် ဗိသုကာပညာရှင် ဂျွန် စီ- သြစတင်က ဒီဇိုင်းရေးဆွဲပေးခဲ့သည်။
အသက် ၇၄ နှစ်အရွယ်၊ ၂၀၁၆ ခုနှစ်တွင် ကွယ်လွန်သွားခဲ့သော မိုဟာမက်အလီသည် ယခုစံအိမ်ကြီးကို ၁၉၇၉ ခုနှစ်တွင် ဝယ်ယူခဲ့သည်။
ထို့နောက် တတိယမြောက်ဇနီးဖြစ်သူ ဗီရိုနီကာ ပေါရှေး အလီနှင့်အတူ နေထိုင်ခဲ့ပြီး သားသမီး ၂ ဦး ထွန်းကားခဲ့ပြီးနောက် ၁၉၈၆ ခုနှစ်တွင် ကွာရှင်းပြတ်စဲခဲ့ကြသည်။
နေအိမ်အတွင်း ကြီးမားကျယ်ဝန်းသည့် အဝင်ခန်းမ၊ ကျယ်ပြောသော ဧည့်ခန်း၊ အရက်ဘား၊ ခြံဝန်းအတွင်း စတုရန်းပေ ၁၀၁၆ ကျယ်ဝန်းသော ဧည့်ဂေဟာအိမ်တို့ ပါဝင်သည်။
အိမ်ရှေ့တွင် တန်ဖိုးကြီးမားသည့် ပေါ်တီကို၊ ရေတံခွန်များ၊ မြက်ခင်းစိမ်းများဖြင့် မြေယာအလှဆင်ထားသည့် အိမ်ရှေ့ခြံဝန်းနေရာတို့ကို တွေ့ရသည်။
မာတင် ဟင်နရီ မိုစီယာက ၁၉၁၆ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည့်စံအိမ်ဖြစ်ပြီး ဝီလ်ရှိုင်းယားအရပ်၏ လှပသော စံအိမ်များတွင် တစ်လုံး အပါအဝင်ဖြစ်စေရန် ရည်ရွယ်ဆောက်လုပ်ခဲ့သည်။
ပြီးခဲ့သော ၂၀၁၈ ခုနှစ်အတွင်းကလည်း မီချီဂန်ပြည်နယ်တွင် မိုဟာမက်အလီပိုင်ဆိုင်သော ၈၁ ဧက ကျယ်ဝန်းသည့် ယာတောခြံကြီးကို ဇနီးဖြစ်သူက ကန်ဒေါ်လာ ၂၈၉၅၀၃၇ ဖြင့် အရောင်းဈေးကွက်တင်ခဲ့ဖူးသည်။
(အဆိုပါသတင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ ပြန်လည်ဖတ်ရှုလိုပါက https://www.imyanmarhouse.com/news/read/743347 အင်တာနက်လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။)
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)