ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
ဂျာမနီနိုင်ငံရှိ ဘဏ်တစ်ခုနှင့် ပြည်တွင်းမှ CB ဘဏ်တို့ ပူးပေါင်းကာ SME လုပ်ငန်းများ ကို ချေးငွေထုတ်ပေးရန် မန္တလေးတိုင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ရုံးတွင် သတင်းအချက်အလက် ကောင်တာထားရှိကာ ဝန်ဆောင်မှုပေးမည်ဖြစ်သည်။
‘‘သူတို့ဘယ်လိုဝန်ဆောင်မှု ပေးသွားမယ်ဆိုတာ သိနိုင်ဖို့ သတင်းအချက်အလက်ကောင်တာ ကို အသင်းမှာ လာထားပေးသွား မှာပါ။ ဂျာမနီက ဘဏ်နဲ့ချိတ် ဆက်ပြီး ငွေချေးပေးမယ့် အကြောင်းကိုလည်း အဲဒီမှာပဲ တစ်ခါတည်း စုံစမ်းလို့ရမှာပါ’’ ဟု မန္တလေးတိုင်းကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း တွဲဖက်အတွင်းရေးမှူးဦးချွန် က ပြောသည်။
CB ဘဏ်သည် ယခုကဲ့သို့ နိုင်ငံခြားဘဏ်နှင့် ပူးပေါင်းငွေ ချေးပေးရာတွင် အပေါင်ပစ္စည်း ထားကာ ငွေထုတ်ချေးခြင်း မဟုတ်ဘဲ သက်ဆိုင်ရာလုပ်ငန်းများအပေါ် မူတည်၍ ချေးငွေ ထုတ်ပေးသည့် ပုံစံဖြင့်ဆောင် ရွက်ပေးမည်ဖြစ်ပြီး အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ငွေချေး ပေးမည်ဖြစ်သည်။
‘‘ အိမ်ခြံမြေလို ဝန်ဆောင်မှု လုပ်ငန်းတွေ အတွက်ကိုတော့ မလိုဘူး။ စက်မှုလုပ်ငန်းတွေမှာ စက်ပစ္စည်းတွေ ဘာတွေဝယ်မယ် ဆိုရင်တော့ စက်ကိုအပေါင်အနေ နဲ့ ပေးရမှာပါ။ အပေါင်ပစ္စည်းယူ ထားပြီး ချေးမှာတော့မဟုတ်ဘူး။ အဓိကကတော့ လုပ်ငန်းရှိတဲ့ လူ တွေကိုပဲ ချေးသွားမှာပါ ’’ ဟု ဦးချွန်က ပြောသည်။
မန္တလေးတိုင်းရှိ SME လုပ်ငန်းများကို ချေးငွေထုတ်ပေးနိုင် ရေးနှင့် သတင်းအချက်အလက် ကောင်တာထားရှိပေးနိုင်ရေး ဖေဖော်ဝါရီ ၂၂ ရက်က မန္တလေးတိုင်းကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်း ရုံး၌ ဂျာမနီနိုင်ငံ ကုန်သည်အသင်း (IHK)၊ CB ဘဏ်နှင့် SME Banking ဌာနမှ တာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေးခဲ့သည်။
CB ဘဏ်သည်လည်း ချေးငွေဆိုင်ရာ အချက်အလက်များ ကို အများပြည်သူ သိရှိနိုင်ရေး မကြာမီ ဆွေးနွေးပွဲ ပြုလုပ်မည်ဖြစ်သည်။
Credit: 7Daydaily