ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
အင်္ဂလိပ်ခေတ်မှာ တည်ဆောက်ခဲ့တဲ့ မူလ ရန်ကုန်မြို့ ဟာ လေးထောင့်ကွက်ကျပြီး စနစ်တကျရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့လက ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကတော့ရန်ကုန်ဟာ စက်ဝိုင်းပုံစံကြီးတစ်ခုဖြစ်လာပြီလို့  Baramp ရန်ကုန်ဆွေးနွေးပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
အမှန်တော့ ၁၈၅၃ ခုနှစ်မှာ အင်္ဂလိပ်တွေ ရန်ကုန်မတည်မီက ပင် မြန်မာ့သမိုင်းတစ်လျှောက် မြန်မာတွေ တည်ဆောက်ခဲ့တဲ့ ကေတုမတီ၊ ဟံသာဝတီနဲ့ သထုံ မြို့ဟောင်းတွေဟာ လေးထောင့် ပုံစံတွေဖြစ်ပြီး စနစ်ကျခဲ့တာဖြစ်ပါတယ်။
မြန်မာတွေ မြို့ တည်ရာမှာ အချိုးသုံးချိုးရှိပြီး ကွေ့ကွေ့ကောက်ကောက် တည်ဆောက်ခြင်း (မော်လိုင်းချိုး)၊ စောင်းစောင်းယွန်းယွန်း တည်ဆောက်ခြင်း (မော်ယွန်းချိုး)နဲ့ ထောင့်မှန်ကျကျ တည်ဆောက် ခြင်း (ခိုနန်းချိုး)လို့ သမိုင်းမှတ်တမ်းအချို့ မှာ ဖော်ပြထားတာပါ ၊ အင်္ဂလိပ်တွေ ရန်ကုန်ကို တိုးချဲ့တည်တော့ ဦးထောင်ဘိုကုန်း၊ သိမ်ဖြူကုန်း၊ ဦးဝိစာရလမ်းကြောင်းမှ သစ် တော၊ ကန်တော်ကြီးရေကန်၊ ရွှေဂုံတိုင်မှ ကုန်းတွေနေရာတွေရှိခဲ့လို့ ရှေ့ ကမြို့ တွေလို စိတ်တိုင်းကျတည်ဆောက်ခွင့်မရှိခဲ့ဘူးလို့ မြို့ ပြပညာရှင်တွေကဆိုပါတယ်။
ကိုလိုနီခေတ်ရန်ကုန် လေးထောင့်ကွက်ဟာ အင်္ဂလိပ်နဲ့ ဥရောပတိုက်သားတွေ၊ အိန္ဒိယနိုင်ငံသားတွေ၊ တရုတ်ကုန်သည် တွေ အခြေချရာ (သို့မဟုတ်) နယ်ချဲ့ဗဟိုချက်မအဖြစ်သာ တည်ဆောက်ခဲ့ပါတယ်။
လွတ်လပ်ရေးရရှိပြီးနောက် ရန်ကုန်မှာ ဖဆပလကွက်သစ်၊ မင်းမနိုင် ကွက်သစ်ဆိုတဲ့ ကျူးကျော်ရပ် ကွက်လေးတွေမှာ အငှားအိမ်ရာ စခန်းတွေ တည်ဆောက်မှုနဲ့ (Right to Housing)ဆိုတာကို အစိုးရကစတင်ခဲ့တာပါ။ လေးထပ်တိုက်အိမ်ရာ တွေ အများဆုံးပါဝင်တဲ့ စခန်းကြီး ကတော့ ‘ရန်ကင်းအိမ်ရာ’ပဲဖြစ် ပါတယ်။ အမှန်တော့ အိမ်ရာ စခန်းဆိုတာ မြို့အသေးစားလေး တစ်ခုပါပဲ။ အဲဒီတုန်းက ပြည်သူ့ အိုးအိမ်အဖွဲ့ရဲ့ ဆောင်ပုဒ်က ‘အိမ်ဆောက်ရေရှာ၊ မြေယာရှု ခင်း တို့ဖန်ဆင်း’လို့ ဆိုပါတယ်။ စီမံကိန်းမှာ အိမ်ရာသာမက ရေ၊ မီး စတဲ့အခြေခံအဆောက်အအုံ တွေ၊ မြေယာရှုခင်း၊ ပန်းခြံ၊ ကလေးကစားကွင်း စတဲ့လူမှုအ ဆောက်အအုံတွေပါ တစ်ပါ တည်း ပါဝင်ရမှာဖြစ်တဲ့လို့  မြို့ ပြပညာရှင်ဦးမြင့်မိုရ်ဆွေက ပြောပါတယ်။
မြို့သစ်တည်ရာ မှာလည်း (၁) အိမ်ရာ (Shelter)၊ (၂) မြေယာ (Land Tenure)၊(၃) အခြေခံအဆောက်အအုံ (Infrastructure)နဲ့ (၄) လူမှုဝန် ဆောင်မှု (Social Services)ဆို တဲ့ အစိတ်အပိုင်းလေးရပ် တစ်ပါ တည်းပါဝင်တဲ့ စီမံကိန်းနဲ့အညီ ဆောင်ရွက်မှ ကိုက်ညီတယ်လို့  ဦးမြင့်မိုရ်ဆွေကဆိုပါတယ်။
ရန်ကုန် ကို လွတ်လပ်ရေးရပြီးမြန်မာ့ မြို့ပြစီမံကိန်းပညာရှင်ကြီး ဦးစံထွန်းအောင်က စတင်ဦးဆောင် ပြီး စီမံကိန်းကို ထောင့်စုံအောင် ရေးဆွဲခဲ့ကြတာ ဖြစ်ပါတယ်။ အထူးသဖြင့် အခြေခံအဆောက်အအုံဆိုတဲ့နေရာမှာ လမ်း၊ ရေ မြောင်းစနစ်၊ ပလက်ဖောင်း၊ ရေ ပြွန်တံတား၊ ရေတံခါး၊ လျှပ်စစ် မီး၊ သောက်သုံးရေ၊ သယ်ယူပို့ ဆောင်ရေး စတာတွေပါဝင်ရသလို စာသင်ကျောင်း၊ ဈေး၊ ကျန်းမာရေး ဆေးခန်း၊ ဆေးရုံ၊ ပန်းခြံ၊ ကစားကွင်း၊ ရုံး၊ မီးသတ် စတာတွေပါ တစ်ပါတည်း ပါဝင်ဖို့ စီမံခဲ့တာပါ။
မြေနဲ့ ပတ်သက်ပြီး အငှားနေပိုင် ခွင့် (Land Tenure Right) ပေးအပ်သလို မီးတားကွက်၊ ချန်လှပ်ကွက်၊ အရန်မြေကွက်စာတွေ လည်း ထည့်သွင်းရေးဆွဲခဲ့တာဖြစ်ပါတယ် ။
“ဒီနေရာမှာ ဆင်းရဲတဲ့နိုင်ငံနဲ့ ချမ်းသာတဲ့နိုင်ငံမှာ မြို့တည်နည်း မတူညီပါဘူး။ ဆင်းရဲတဲ့နိုင်ငံမှာ မြို့တည်ရင် ဆင်းရဲပြီး အိမ်ရာမဲ့ တဲ့ ပြည်သူတွေ များပြားတဲ့အတွက် သူတို့ရဲ့ နေရေးကို ဦးစား ပေးကြရပါတယ်။ ချမ်းသာတဲ့ နိုင်ငံမှာ မြို့တည်ရင် လူချမ်းသာ တွေနဲ့ လူလတ်တန်းစားတွေရဲ့ နေရေးကို ဦးစားပေးပါတယ်။ နောက်ပြီး ဆင်းရဲတဲ့နိုင်ငံမှာ မြို့တည်ရင် ရေရှည်ဆောင်ရွက်ပေးရမယ့် လုပ်ငန်းစဉ် (Process) တစ်ခုအဖြစ် ဆောင်ရွက်ပြီး ချမ်းသာတဲ့နိုင်ငံမှာ မြို့တည်ရင် အပြီးသတ်ထုတ်ကုန် (Product) တစ်ခုလို တည်ဆောက်လေ့ရှိတယ် " မြို့ ပြစီမံကိန်းပညာရှင် ဦးမြင့်မိုရ်ဆွေကဆိုပါတယ်။
ရန်ကုန်မြို့ဟာ အဝိုင်းကြီးဖြစ်လာတယ်ဆိုတာ ကို UNDP စီမံကိန်းအရ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရှိရပါတယ်။ ယခင် ရန်ကုန်ဟာတောင်မှမြောက် ရှည်မျောမျော ကြီးထွားနေတာဖြစ်ကြောင်းနဲ့ တပ်မတော်အစိုးရလက်ထက် မြို့သစ်များတည်တဲ့အခါ အရှေ့ဘက်မှာ ငမိုးရိပ်ချောင်းကိုကူးပြီး ဒဂုံမြို့သစ်စီမံကိန်း၊ အနောက် မြောက်မှာ လှိုင်မြစ်ကိုကူးပြီး လှိုင်သာယာနဲ့ ရွှေပြည်သာမြို့သစ်စီမံကိန်းတွေ ရေးဆွဲဆောင်ရွက်ခဲ့ ခြင်းဖြစ်ပါတယ်။
နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com