ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့လယ်၊ မန်ဟက်တန်ရပ် ၊ အရှေ့ ၄၂ လမ်း၊ အမှတ် ၁၀၉ တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပိုင်သော Grand Hyatt အမည်ရှိ ဟိုတယ်ကြီး တစ်လုံးတည်ရှိသည်။
(အချက်အလက်များ)
တည်နေရာ ကိုသြဒိနိတ်- မြောက်လတ္တီကျု 40.752039° နှင့် အနောက်လောင်ဂျီကျု 73.97638° အမြင့်- မီတာ ၉၀ (၂၉၅ ပေ)
အထပ်ပေါင်း- ၂၆ ထပ်
ပါဝင်သည့်အခန်းပေါင်း- ၁၃၀၆ ခန်း
Grand Central Terminal ဘူတာရုံကြီး၏ အရှေ့ဘက်တွင် တည်ရှိပြီး ယခင်က Commodore Hotel ဟု ခေါ်တွင်ခဲ့ကာ ၁၉၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ဒေါ်နယ်ထရမ့်ပိုင်ဆိုင်ပြီးနောက် အဆောက်အအုံကြီး၏ ပြင်ပ မျက်နှာစာနံရံများကို မှန်များဖြင့် ကာရံကာ မွမ်းမံပြင်ဆင်ခဲ့၏။
ယခုအခါ Grand Hyatt Hotel ကြီးကို ဖြိုချဖျက်သိမ်းတော့မည် ဖြစ်သည်။
မန်ဟက်တန်တွင် ဒေါ်နယ်ထရမ့် ပထမဆုံးစတင်မွမ်းမံခဲ့သော စီမံကိန်းအဆောက်အအုံကြီးတစ်ခုဖြစ်ကာ အိမ်ခြံမြေ developer များဖြစ်သော TF Cornerstone နှင့် MSD Partners တို့က ဝယ်ယူလိုက်ခြင်း ဖြစ်သည်။MSD Partners မှာ နည်းပညာကုမ္ပဏီကြီး Dell ကို တည်ထောင်သူ မိုက်ကယ်ဒဲလ်မိသားစုက ပိုင်ဆိုင်သည့် ကုမ္ပဏီတစ်ခု ဖြစ်သည်။
ယခုအခါ developer တို့က Grand Hyatt Hotel ကြီးကို ဖြိုချဖျက်သိမ်းကာ ကြမ်းခင်းဧရိယာ စတုရန်းပေ ၂ သန်းခန့်ရှိသည့် ဘက်စုံသုံး အဆောက်အအုံကြီးအဖြစ် ဆောက်လုပ်သွားရန် စီစဉ်ထားသည်။Grand Hyatt Hotel ကြီးသည် နှစ်ပေါင်း ၁၀၀ သက်တမ်းရှိပြီဖြစ်ပြီး မြေငှားစာချုပ်မှာ ၂၀၇၇ ခုနှစ်အထိ ဖြစ်သည်။
အသစ်ဆောက်လုပ်မည့် မိုးမျှော်တိုက်ကြိးတွင် ရုံးခန်းများအပြင် Hyatt Hotel အသေးစားတစ်ခုလည်း ပါဝင်မည်ဟု ဆိုသည်။
Grand Hyatt ဟိုတယ်တည်ရှိသည့် မြေနေရာကို နယူးယောက်ပြည်နယ် မြို့ပြဖွံ့ဖြိုးရေးကော်ပိုရေးရှင်းက ပိုင်ဆိုင်ထားခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလတွင် နယူးယောက်ပြည်နယ် မြို့ပြသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ MTA သို့ ကန်ဒေါ်လာ ၁၃ သန်းဖြင့် ရောင်းချခဲ့ခြင်း ဖြစ်သည်။
မြေငှားရမ်းသူ အပြောင်းအလဲနှင့် အဆောက်အအုံသစ် ဆောက်လုပ်မည့် စီမံကိန်းများကို ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့၏ အတည်ပြုချက် ရယူရန် လိုအပ်ဦးမည် ဖြစ်သည်။ နယူးယောက်မြို့နှင့် ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့များ၏ အတည်ပြုချက်ရရန်မှာ လပေါင်းများစွာ စောင့်ဆိုင်းရဦးမည် ဖြစ်သည်။
Grand Hyatt ဟိုတယ်ကြီးကို ၁၉၁၉ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး ၁၉၇၀ ပြည့်လွန် နှောင်းပိုင်းကာလများတွင် ဒေါ်နယ်ထရမ့်က ပြန်လည်မွမ်းမံမှုများ ပြုလုပ်ခဲ့သည်။ Grand Hyatt ဟိုတယ်ကြီးတွင် ရင်းနှီးမြှုပ်နှံခြင်းမှ ဒေါ်နယ်ထရမ့်ကျောခိုင်းခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)