ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
အမေရိကန်ပြည်ထောင်စု၊ နီဗားဒါးပြည်နယ်၊ ယူတားပြည်နယ်နှင့် အရီဇိုးနားပြည်နယ်တို့တွင် အခြေတည်ရိုက်ကူးထားသော Sister Wives ရုပ်သံဇာတ်လမ်းတွဲကြီးသည် အပိုင်းပေါင်း ၁၄၉ ပိုင်းအထိ ရိုက်ကူးထုတ်လွှင့်ခဲ့သည့် ရုပ်သံဇာတ်လမ်းတစ်ခု ဖြစ်သည်။
ထိုဇာတ်လမ်းတွဲတွင် ကိုဒီဘရောင်းအမည်ရှိ အမျိုးသားက ဇနီး ၄ ဦးနှင့် တစ်အိမ်တည်းတွင် အတူနေထိုင်ကာ ကလေးပေါင်း ၁၈ ဦးအထိ ထွန်းကားခဲ့ပြီး ၎င်းတို့၏ ဘဝရပ်တည်ရှင်သန်ပုံများကို ရိုက်ကူးတင်ပြထားသည့် ဖြစ်ရပ်မှန်ဘဝကို တင်ဆက်ထားခြင်း ဖြစ်သည်။
အဆိုပါ ဇာတ်လမ်းတွဲကြောင့် ကိုဒီဘရောင်းမှာ အာဏာပိုင်တို့၏ စုံစမ်းစစ်ဆေးမှုများ ခံခဲ့ရသည်ဟု ဆိုသည်။
ယူတားပြည်နယ်တွင် တစ်လင်တစ်မယားစနစ်သာ ခွင့်ပြုထားသေးသည်ဟု ဆိုသည်။
ယခုအခါ ကိုဒီဘရောင်း၏ ဇနီးလေးဦးအနက် ဂျနဲလီနှင့် ခရစ္စတင်းဘရောင်းတို့သည် လာ့စ်ဗီးဂပ်စ်နေအိမ်များ အရောင်းတင်ထားခြင်း ရောင်းမထွက်သောကြောင့် ဈေးနှုန်းထပ်မံလျှော့ချပေးလာကြသည်။
အခြား ဇနီးနှစ်ဦးဖြစ်သော မီရီနှင့် ရိုဘင် (ညီအစ်မ) တို့သည်လည်း လာ့စ်ဗီးဂပ်စ်ရှိ နေအိမ်များကို အရောင်းဈေးကွက်တင်ထားသည်ဟု ဆိုသည်။ မီရီနှင့် ရိုဘင်တို့မှာမူ ခေါ်ဈေးပြောင်းလဲခြင်းမရှိချေ။
ဇနီးလေးဦး၏ ဈေးကွက်တင်လာသော နေအိမ်များအားလုံးမှာ အိမ်ရာဝန်းတစ်ခုတည်းတွင် တည်ရှိသည်။
၎င်းတို့ ၄ ဦးလုံးသည် ယခုအခါ အရီဇိုးနားပြည်နယ်၏ တောင်ပေါ်ဒေသဖြစ်သော ဖလက်ဂ်ျစတပ်ဖ်မြို့သို့ ပြောင်းရွှေ့အခြေချခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။
ဂျနဲလီနှင့် ခရစ္စတင်းဘရောင်းတို့သည် ၂၀၁၈ ခုနှစ်အတွင်းကတည်းက ၎င်းတို့၏ နေအိမ်များကို အရောင်းတင်ထားခြင်းဖြစ်ပြီး မီရီနှင့် ရိုဘင်တို့မှာမူ ယခုနှစ်သစ်သို့ရောက်မှ နေအိမ်များဈေးကွက်တင်လာခြင်း ဖြစ်သည်။ကိုဒီဘရောင်းသည် ရိုဘင်နှင့်သာ တရားဝင်လက်ထပ်ထားခြင်း ဖြစ်သည်။
ကျန်သည့် အမျိုးသမီးများမှာမူ လိပ်ပြာချင်းလက်ထပ်သည့်နည်းဖြင့် လက်ထပ်ထားခြင်းဖြစ်သည်ဟု ဆိုသည်။
၎င်းတို့မိသားစု၏ မယားပြိုင်လူနေမှုဘဝကို အများသိရှိစေရန် ရုပ်သံအစီအစဉ်တွင် တင်ဆက်ခဲ့ခြင်းဖြစ်ပြီး ၁၂ ရာသီခန့်အထိ ထုတ်လွှင့်ပြသခဲ့သည်။
ဇနီး ၄ ဦးအနက် ပထမဆုံးနေအိမ်ဈေးကွက်တင်ခဲ့သူမှာ ခရစ္စတင်းဖြစ်ပြီး ကန်ဒေါ်လာ ၆၇၅၀၀၀ ဖြင့် ဈေးခေါ်ကာ ဈေးကွက်တင်ခဲ့သည်။ နောက်ပိုင်းတွင် ကန်ဒေါ်လာ ၆၄၉၀၀၀ သို့ ဈေးလျှော့ချပေးခဲ့သည်။ယင်းနောက်တစ်ဖန် ကန်ဒေါ်လာ ၆၃၉၀၀၀ သို့ ထပ်မံဈေးလျှော့ပေးခဲ့ပြီး ယခုအခါ ၆၁၄၉၀၀ အထိ ဆက်လက်လျှော့ချပေးခဲ့သည်။
ဂျနဲလီကမူ အိပ်ခန်း ၆ ခန်းပါ သူ၏နေအိမ်ကို ပြီးခဲ့သောနှစ်အတွင်း ကန်ဒေါ်လာ ၆၄၉၀၀၀ ဖြင့် ဈေးကွက်တင်ခဲ့ပြီး ယခုနှစ်သစ်တွင် ကန်ဒေါ်လာ ၅၉၉၉၀၀ သို့ လျှော့ချပေးခဲ့သည်။
မီရီကလည်း စတုရန်းပေ ၄၂၀၀ ကျယ်ဝန်းသော သူ၏နေအိမ်ကို ကန်ဒေါ်လာ ၅၉၉၀၀၀ ဈေးခေါ်ထားသည်။
ရိုဘင်ကလည်း အိပ်ခန်း ၅ ခန်းနှင့် တောင်ပေါ်ရှုခင်းများ တွေ့မြင်နိုင်သော နေအိမ်ကို ကန်ဒေါ်လာ ၆၁၉၉၀၀ ဖြင့် ဈေးကွက်တင်ထားသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)