ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
ပြည်တွင်း၌ အသေးစားငွေရေးကြေးရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသော အသေးစားချေးငွေလုပ်ငန်းများကို အပ်ငွေလက်ခံနိုင်သည့် ငွေချေးလုပ်ငန်းလိုင်စင်ကို ခွင့်ပြုမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနထံမှ သိရသည်။
လက်ရှိအချိန်တွင် ပြည်တွင်း၌ အသေးစားငွေရေးကြေးရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ရရှိထားသော ပြည်တွင်း ပြည်ပ ကုမ္ပဏီများနှင့် အဖွဲ့အစည်းများသည် အပ်ငွေလက်မခံနိုင်သည့် လုပ်ငန်းလိုင်စင်သာ ခွင့်ပြုပေးထားပြီး ပြည်တွင်းလုပ်ငန်းများ ချေးငွေပမာဏ အများအပြားချေးယူနိုင်ရန်အတွက် ခွင့်ပြုမည်ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။
“ဒီလုပ်ငန်းလိုင်စင်နဲ့ဆိုရင် ကျပ်သိန်း ၃၀၀ အထိ အများဆုံးချေးငွေထုတ်ချေးပေးနိုင်မယ်” ဟု ၎င်းကပြောဆိုသည်။
လတ်တလောတွင် ခွင့်ပြုထားသော လုပ်ငန်းလိုင်စင်အရ အသေးစားငွေချေးလုပ်ငန်းများသည် အပ်ငွေလက်ခံထားမှု မရှိခြင်းကြောင့် ပြည်တွင်းအသေးစား အလတ်စားလုပ်ငန်းများကို ကျပ်သိန်း ၁၀၀ အထိသာ အများဆုံး ငွေချေးပေးနိုင်သည်။
အဆိုပါအပ်ငွေလက်ခံနိုင်သည့် လုပ်ငန်းလိုင်စင်ကို လတ်တလောတွင် ခွင့်ပြုပေးထားမှုမရှိခြင်းမှာ ယင်းလုပ်ငန်းလိုင်စင်အတွက် လိုအပ်သောသတ်မှတ်ချက်များကို ပြည်တွင်း၌ အသေးစားချေးငွေလုပ်ငန်း လုပ်ကိုင်လျက်ရှိသော လုပ်ငန်းများအနေဖြင့် မပြည့်မီသေးခြင်းကြောင့်ဖြစ်သည်။
လက်ရှိအချိန်တွင် ပြည်တွင်း၌ အသေးစားချေးငွေလုပ်ငန်းလုပ်ကိုင်လျက်ရှိသော ပြည်တွင်းကုမ္ပဏီ ၁၀၆ ခု၊ နိုင်ငံခြားကုမ္ပဏီ ၄၅ ခု၊ ဖက်စပ် ၄ ခု အပါအဝင် အပြည်ပြည်ဆိုင်ရာအစိုးရမဟုတ်သော အဖွဲ့အစည်း (INGO) ၃၃ ခုနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်း (NGO) ၁၉ ခုအထိရှိသည်။
Credit: The Voice