ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
နယူးယောက်မြို့၊ ပန်းခြံရိပ်သာလမ်း ၊ အမှတ် ၄၃၂ ရှိ မိုးမျှော်တိုက်ကြီးသည် ကမ္ဘာ့အမြင့်မားဆုံးလူနေအဆောက်အအုံကြီးအဖြစ် စံချိန်တင်ထားသည့် မိုးမျှော်တိုက်ကြီးဖြစ်သည်။
အမြင့်ပေ ၁၃၉၆ ပေ မြင့်မားပြီး အထပ်ပေါင်း ၉၆ ထပ်ပါဝင်ကာ ဆောက်လုပ်မှုကုန်ကျစရိတ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ ဘီလီယံအထိ ကုန်ကျခဲ့သည်။
(အဆောက်အအုံကြီး၏ အချက်အလက်များ)
အခြေအနေ- ဆောက်လုပ်ပြီးစီး
အမျိုးအစား- လူနေ
တည်နေရာ- နယူးယောက်မြို့၊ မန်ဟက်တန်ရပ်၊ ပန်းခြံရိပ်သာလမ်း၊ အမှတ် ၄၃၂
ကိုသြဒိနိတ်- မြောက်လတ္တီကျု ၄၀ ဒီဂရီ၊ ၄၅ မိနစ်၊ ၄၁ စက္ကန့်- အနောက်လောင်ဂျီကျု ၇၃ ဒီဂရီ၊ ၅၈ မိနစ်၊ ၁၈ ဒသမ ၅ စက္ကန့်
စတင်ဆောက်လုပ်မှု- ဖောင်ဒေးရှင်း ၂၀၁၁ ခုနှစ်၊ စက်တင်ဘာ
မြေပေါ်ဆောက်လုပ်မှု ၂၀၁၂ ခုနှစ်၊ မေလ
အပြီးသတ်ပြီးစီးမှု- ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်
ကုန်ကျစရိတ်- ကန်ဒေါ်လာ ၁ ဒသမ ၂၅ ဘီလီယံ
အထပ်ပေါင်း- ၉၆ ထပ်
စုစုပေါင်းကြမ်းခင်းဧရိယာ- ၄၁၂၆၃၇ စတုရန်းပေ
ဓာတ်လှေကား- ၁၀ စင်း
ဂျနီဖာလိုပက်ဇ်နှင့် အဲလက်စ် ရိုဒရီဂွက်ဇ်တို့သည် ပန်းခြံရိပ်သာလမ်း၊ အမှတ် ၄၃၂ အဆောက်အအုံကြီးတွင် မနေလိုတော့သောကြောင့် ပြောင်းရွှေ့ရန် စီစဉ်နေခဲ့သည်မှာ မကြာသေးချေ။သို့တိုင်အောင် အခြားနာမည်ကျော်များ အခြေချနေထိုင်ရန် ဆုံးဖြတ်ချက်ကိုမူ ဂျနီဖာလိုပက်ဇ်တို့၏ အပြောင်းအရွှေ့သတင်းက မဟန့်တားနိုင်ချေ။
တရုတ်ပြည်မကြီးမှ ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာသူဌေးကြီးဖြစ်သော ချမ်းရှင်ဟူသော အမျိုးသမီးကြီးသည် ၄၃၂ အဆောက်အအုံကြီး၏ အလွှာတစ်ခုလုံးကို ကန်ဒေါ်လာ သန်း ၆၀ ကျော်ဖြင့် ဝယ်ယူရန် ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။
ချမ်းရှင်သည် တရုတ်ပြည်၏ အကြီးမားဆုံး အိမ်ခြံမြေ developer ဖြစ်သော SOHO China ကုမ္ပဏီကို တည်ထောင်သူ၊ အမှုဆောင်အရာရှိချုပ်ဖြစ်သည်။
SOHO China သည် ရှန်ဟိုင်း၊ ဟောင်ကောင်နှင့် ပေကျင်းတို့တွင် ဆောက်လုပ်ရေးစီမံကိန်းများစွာ အကောင်အထည်ဖော်နေသည့် ကုမ္ပဏီကြီးတစ်ခု ဖြစ်သည်။
၂၀၁၃ ခုနှစ်အတွင်း ချမ်းရှင်နှင့် ခင်ပွန်းဖြစ်သူ ပန်ရှိယီတို့သည် နယူးယောက်မြို့၊ အရှေ့ ၇၄ လမ်း၊ အမှတ် ၄၅ ရှိနေအိမ်ကို ကန်ဒေါ်လာ ၂၆ သန်းဖြင့် အီတလီရုပ်ရှင်ထုတ်လုပ်သူ ဗာလီရီယို မိုရာဘီတိုထံမှ ဝယ်ယူခဲ့ဖူးသည်။
ချမ်းရှင်သည် ဆယ်ကျော်သက်အရွယ်တွင် မိခင်နှင့်အတူ ပေကျင်းမှ ဟောင်ကောင်သို့ ပြောင်းရွှေ့ခဲ့ပြီး စက်ရုံတစ်ရုံတွင် အလုပ်လုပ်ကိုင်ခဲ့သည်။
ယင်းနောက် ကိန်းဘရစ်တက္ကသိုလ်တွင် တက်ရောက်ဆည်းပူးခဲ့ပြီး ဟောင်ကောင်နှင့် နယူးယောက်တို့ရှိ Goldman Sachs ကုမ္ပဏီတွင် ဝင်ရောက်လုပ်ကိုင်သည်။
၂၀၁၄ ခုနှစ်တွင် ချမ်းရှင်သည် ဟားဗတ်နှင့် ယေးတက္ကသိုလ်တို့အပါအဝင် ဥရောပထိပ်သီးတက္ကသိုလ်များတွင် တက်ရောက်ဆည်းပူးနေကြသည့် တရုတ်ကျောင်းသားများကို ဘဏ္ဍာရေးထောက်ပံ့ရန်အတွက် ကန်ဒေါ်လာ သန်း ၁၀၀ ရန်ပုံငွေ မတည်ပေးခဲ့သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)