ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
အမေရိကန်ပြည်ထောင်စု၏ နာမည်ကျော် အပန်းဖြေစခန်းမြို့ လာ့စ်ဗီးဂပ်စ်တွင် တစ်ဧကကျော် ကျယ်ဝန်းကာ အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၆ ခန်းပါဝင်သည့် မြေအောက်နေအိမ်တစ်လုံးကို အရောင်းဈေးကွက်တင်လာသည်။
အဆိုပါနေအိမ်ကို မြေအောက် ၂၆ ပေအနက်တွင် ဆောက်လုပ်ထားခြင်းဖြစ်သည်။
လျှို့ဝှက်နေအိမ်သဖွယ်ဆောက်လုပ်ထားသော အဆိုပါနေအိမ်သည် နေအိမ်ပိုင်ရှင်တို့အား သမားရိုးကျနေအိမ်တစ်လုံးတွင် နေထိုင်နေရသည့်သဖွယ် ခံစားရစေရန် မြက်ခင်းပြင်များ၊ ရေကူးကန်၊ သစ်ပင်ပန်းမန်များ၊ နံရံများတွင် မိုးကုတ်စက်ဝိုင်းသဖွယ် ပုံဖော်ရေးဆွဲမှုများ ပြုလုပ်ပေးထားသည်။
နေအိမ်ဆောက်လုပ်ထားပုံမှာ အံ့အားသင့်ဖွယ်ကောင်းသည့်နည်းတူ ဈေးနှုန်းမှာလည်း အံ့အားသင့်ဖွယ်ကောင်း၏။
ကန်ဒေါ်လာ ၁၈ သန်းအထိ ဈေးခေါ်ထားသည်။
ဈေးနှုန်းမှာ အလွန်တရာများပြားလှသည်ဟု ဆိုရမည်။
၂၀၁၅ ခုနှစ်အတွင်း နောက်ဆုံးအရောင်းအဝယ်ဖြစ်ခဲ့စဉ်က ကန်ဒေါ်လာ ၁ ဒသမ ၁၅ သန်းမျှဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ခြင်း ဖြစ်သည်။
အဘယ်ကြောင့် ထိုမျှဈေးနှုန်းမြင့်တက်သွားရသနည်း။ လက်ရှိပိုင်ရှင်တို့က ပြန်လည်ပြုပြင်မွမ်းမံမှုများပြုလုပ်ကာ လျှို့ဝှက်ထောက်လှမ်းရေးစနစ်များ တပ်ဆင်ပေးခဲ့ခြင်းကြောင့်လော။
“ဒီဈေးနှုန်းကတော့ အခုအဆောက်အအုံအတိုင်း ဆောက်မယ်ဆိုရင် ကုန်ကျမယ့်စရိတ်ကို ရည်ညွှန်းတာဖြစ်ပါတယ်။ ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုအနေနဲ့ အခုအဆောက်အအုံမျိုးပုံတူကို ၂၀၁၉ ခုနှစ်ကုန်ကျစရိတ်တွေနဲ့ ဆောက်မယ်ဆိုရင် ၁၈ သန်းနဲ့တောင် မရ လောက်ပါဘူး”ဟု BHHS Nevada Properties ကုမ္ပဏီမှ အိမ်ခြံမြေအကျိုးဆောင် စတီဖန် လာဖော့ဂ်ျက ပြောကြားသည်။
တစ်ဧက၏ ၃ ပုံတစ်ပုံခန့်ရှိသော တွင်းကြီးတစ်ခုတူးရန်နှင့် မိုင်ဝက်ခန့် စတီး I-beams များ ထည့်သွင်းရန်ပင်လျှင် အနည်းဆုံး ဒေါ်လာ ၁၈ သန်းခန့် ကုန်ကျဖွယ်ရှိကြောင်း လာဖော့ဂ်ျက ဆက်လက်ပြောကြားသည်။
ယင်းနောက် ယခုနေအိမ်ကဲ့သို့ အိမ်တွင်း မွမ်းမံမှုများစွာအတွက် ကုန်ကျရဦးမည် ဖြစ်သည်။
မြေအောက်နေအိမ်ကြီးအတွင်း အိပ်ခန်း ၅ ခန်းနှင့် ရေချိုးခန်း ၆ ခန်းအပြင် ရေကူးကန်လည်း ပါဝင်ကာ မြေပေါ်တွင်မူ နေအိမ်ငယ်တစ်လုံးဆောက်လုပ်ထားသည်။
(အချက်အလက်များ)
အိပ်ခန်း- ၅ ခန်း
ရေချိုးခန်း- ၆ ခန်း
နေအိမ်အကျယ်အဝန်း- ၂၃၁၆ စတုရန်းပေ
မြေအောက်လှိုဏ်ဂူအကျယ်အဝန်း- ၁ ဒသမ ၀၅ ဧက
တည်နေရာ- နီဗားဒါးပြည်နယ်၊ လာ့စ်ဗီးဂပ်စ်မြို့၊ စပင်ဆာလမ်း၊ အမှတ် ၃၉၇၀
၁ စတုရန်းပေ တန်ဖိုး- ကန်ဒေါ်လာ ၇၇၇၂
အရောင်းဈေးကွက်သို့ ရောက်ရှိနေသည့်အချိန်- ၁၆ ရက်
ဆောက်လုပ်ခဲ့သည့်ခုနှစ်- ၁၉၇၈ ခုနှစ်
မြေအောက်နေအိမ်ကြီး၏ လေအေးပေးစက် ၈ ခုကို ပိုင်ရှင်သစ်တို့က ပြန်လည်နေရာချထားမှုပြုလုပ်ခဲ့ပြီး ဂါလံ ၁၀၀၀ ဆန့် ရေစည်ကြီးတစ်ခုလည်း ထည့်သွင်းခဲ့သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)