ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
လူနေအိမ်ရာများ၊ ဟိုတယ်များ၊ ဈေးဝယ်စင်တာများနှင့် နိုင်ငံတကာကျောင်းများပါဝင်မည့် ရေတံခွန်တောင် စီးတီးဂေါက်ကွင်း အိမ်ရာစီမံကိန်းကို မန္တလေးမြို့အနီး မြေဧက (၅၀၀)ပေါ်တွင် အကောင်အထည်ဖော်မည်ဟု ဖွံ့ဖြိုးသစ်ကုမ္ပဏီ ဒုတိယ အမှုဆောင်အရာရှိချုပ် ဦးသက်လွင်ရွှေက ပြောသည်။
အဆိုပါ စီမံကိန်းသည် မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ရေတံခွန်တောင်အနီး တည်ရှိပြီး မန္တလေးမြို့နှင့် (၄)မိုင်အကွာတွင် တည်ရှိသည်။ ယင်းစီမံကိန်းတွင် အိမ်ရာစီမံကိန်း (၃)ခုပါဝင်ပြီး စီမံကိန်းတစ်ခုလျှင် အိမ်အလုံး (၈၀)ကျော် ပါဝင်မည်ဖြစ်သည်။ ထို့အပြင် (၅)ထပ် မှ (၈)ထပ်အထိ မြင့်သော ကွန်ဒို (၁၂)လုံး တည်ဆောက်မည်ဖြစ်ပြီး ကွန်ဒိုအခန်း (၆၀၀)ကျော်ပါဝင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
‘‘ ဒီနေရာက လေထုညစ် ညမ်းမှုမရှိသလို သဘာဝပတ်ဝန်းကျင်ကို သဘာဝအတိုင်းခံစား နိုင်ဖို့ တောအုပ်ထဲမှာ မြို့ငယ်တစ်ခုပုံစံ တည်ဆောက်ထားတာပါ။ ဒါ့အပြင် စီမံကိန်းထဲမှာပါတဲ့ ဒေသခံပြည်သူများရဲ့ အလုပ်အကိုင်၊ အခွင့်အလမ်းနဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုများအတွက်လည်း ကောင်းမွန်လာမှာပါ ’’ ဟု ဦးသက်လွင်ရွှေက ပြောသည်။
ယင်းစီမံကိန်းအတွက် လိုအပ်သည့် Master Plan (ပင်မ စီမံကိန်း)ကို ပြင်သစ်ဗိသုကာ ကုမ္ပဏီ Archetype Architect Group က ဆောင်ရွက်ခြင်းဖြစ်ပြီး လိုအပ်သည့်စီမံခန့်ခွဲမှုများအတွက် ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်ကို စီမံခန့်ခွဲပေးနေသည့် ထိုင်ဝမ်အခြေစိုက်ကုမ္ပဏီ MAA အား ငှားရမ်းထားသည်။ အိမ်ရာ များဆောက်လုပ်ရန် တရုတ်နိုင်ငံ မှ CSCEC ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်မည်ဖြစ်သည်။
အဆိုပါ စီမံကိန်းကို အဆင့် (၃)ဆင့်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပြီးပထမ ဆုံးအဆင့်အနေဖြင့် အိမ်ရာစီမံကိန်းများကို ကနဦးအကောင်အထည်ဖော်မည်ဖြစ်ကာ ဇန်နဝါရီ (၂၉)ရက်ကစ၍ ပေ (၆၀)ပတ်လည် မြေကွက်များကို (၁)စတုရန်းပေလျှင် ကျပ် (၁)သိန်းနှုန်းဖြင့် ရောင်းချနေကြောင်း ၎င်းက ပြောကြားသည်။
ဖွံ့ဖြိုးသစ်ကုမ္ပဏီသည် နှစ်ရှည်စီမံကိန်းဖြစ်သော ရေတံခွန်တောင်စီးတီး စီမံကိန်းကို ဇန်နဝါရီ (၂၉)ရက်တွင် မိတ်ဆက်ခဲ့ပြီး စီမံကိန်းနှင့် ပတ်သက်သည့်အချက်အလက်များ ထုတ်ပြန်သော်လည်း ရင်းနှီးမြှုပ်နှံမှုပမာဏကိုမူ ထုတ်ပြန်ခြင်းမရှိပေ။
Credit: 7Day Daily