ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
ဒလတံတားပန္နက်တင်အခန်းအနားစတင်သည့်အချိန်မှစ၍ ဒလမြေဈေးကွက်မှာ ရောင်းသူဝယ်သူ စောင့်ကြည့်နေသည့် အနေအထားမှ ယခုအခါ အရောင်းများနေကာ အဝယ်အခြေအနေတန့်နေသည့် အခြေအနေရှိနေပြီး တံတားတည်ဆောက်ရေး စီမံကိန်းစတင်မည့်အချိန်၌သာ အရောင်းအဝယ်ပြန်ဖြစ်နိုင်ကြောင်း ဒလအိမ်ခြံမြေ လုပ်ငန်းရှင်းများက သုံးသပ်ပြောဆိုသည်။
ရန်ကုန်-ဒလတံတားစီမံကိန်း ပန္နက်တင်အခမ်းအနားကို ဒီဇင်ဘာ ၂၄ ရက်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လာရောက်ခဲ့ပြီး ရက်ပိုင်းအတွင်း မြေကွက်ဈေးများ အနည်းငယ်လှုပ်ရှားခဲ့သော်လည်း ရောင်းဈေးမှာ မူလဈေးနှုန်းများထက် များပြားနေသည့်အတွက် ဝယ်လက်များမှာ နောက်ဆုတ်သွား၍ လက်ရှိအချိန်တွင် အရောင်းအဝယ်ပြန်လည် အေးလျက်ရှိကြောင်း ဒလအိမ်ခြံမြေ အကျိုးဆောင်များက ဆိုသည်။ " ကျန်စစ်သား ရပ်ကွက်မှာဆိုရင် ၅၀ ပတ်လည်ကို ကျပ်သိန်း ၆၅၀၊၇၀၀ နဲ့ရောင်းမယ့်အကွက်တွေ တစ်ပုံကြီးပဲ။ အဝယ်မဆင်းဘူး။ ဝယ်မယ့်သူကလည်း နေရာကောင်းကို အောက်ဈေးနဲ့ ဝယ်ချင်တယ်။ မိန်းလမ်းမပေါ် နာရီစင်နဲ့နီးတဲ့ အေးဆေးခန်းလမ်းမပေါ်မှာရှိတဲ့ မြေကွက်ကို ၄၅၀၀၊ ၅၀၀၀ လောက်ပေါက်တယ်။ (၂၅×၅၀ )ကို ၃၀၀၊ ၃၂၀ ခန့်ပေါက်ဈေးရှိ။ နေရာပေါ်မူတည်ပြီးတော့ ဈေးကအစားစားရှိနေပါတယ်။တကယ် တံတားကြီးဖြစ်လာရင်တော့ အရောင်းအ၀ယ် ပြန်လိုက်လာမှာပေါ့ " ဟု ၄င်းကဆိုသည်။
မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com