ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
ဆောက်လုပ်ရေး၊အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (CHID Bank)တွင် အိမ်ရာဝယ်ယူရန် ငွေစုထားသူများမှ အိမ်ရာဝယ်ယူရန် ပြည့်မီသူ သုံးထောင်ခန့်ကို အိမ်ရာဝယ်ယူရန်အတွက် ကျပ်ဘီလီယံ ၄၀ ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် (CHID)ဘဏ်တို့ပူးပေါင်းကာ တန်ဖိုးနည်းအိမ်ရာဝယ်ယူနိုင်ရန် လှိုင်သာယာမြို့နယ်ရှိ ကျန်စစ်မင်းအိမ်ရာ၊ရွှေလင်ဗန်းအိမ်ရာ၊ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ ယုဇနအိမ်ရာများမှ တိုက်ခန်းများအတွက် အိမ်ရာချေးငွေထုတ်ပေးရန် စီစဉ်နေကြောင်းလည်း (CHID)ဘဏ်ထံမှ သိရသည်။
ယခုလက်ရှိတွင် CHID Bank သည် အစိုးရ၀န်ထမ်းများနှင့် ပြည်သူများ အိမ်ပိုင်ရရှိစေရန် တန်ဖိုးနည်းတိုက်ခန်းများကို ၀ယ်ယူနိုင်ရန်အတွက် ၀ယ်ယူမည့်တိုက်ခန်းတန်ဖိုး၏ ၂၀ ရာခိုင်နှုန်းအထိ ငွေစုဆောင်းထားရှိပြီးကျန်ငွေကို ၈နှစ်မှာ၁၀အထိ အရစ်ကျငွေပေးချေစနစ်ဖြင့် ရောင်းချပေးနေကြောင်း သိရသည်။
ဆောက်လုပ်ရေး၊အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (CHID Bank)ဘဏ်ကို၂၀၁၄ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပြီး ၅နှစ်တာကာလအတွင်း ရန်ကုန်တိုင်း၊မန္တလေးတိုင်း၊နေပြည်တော်၊မော်လမြိုင်မြို့နှင့် ပုသိမ်မြို့စသည့်မြို့ကြီး များတွင် ဘဏ်ခွဲပေါင်း(၁၁)ခု အထိဖွင့်လှစ်ထားကြောင်းစာရင်းများအရ သိရသည်။
မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com