ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
ပေါ့ပ်ကြယ်ပွင့် ဂျပ်စတင်ဘီဘာတို့ဇနီးမောင်နှံသည် တစ်လလျှင် ကန်ဒေါ်လာ တစ်သိန်းဖြင့် ငှားရမ်းနေထိုင်လျက်ရှိသော နေအိမ်၌ အဆင်မပြေမှုများစွာ ကြုံတွေ့ခဲ့ရသည်ဟု ဆိုသည်။
၎င်းတို့ဇနီးမောင်နှံသည် စတုရန်းပေ ၆၀၀၀ အကျယ်အဝန်းရှိသည့်နေအိမ်ကို တစ်လလျှင်ဒေါ်လာတစ်သိန်းဖြင့် ပြီးခဲ့သောနှစ်အတွင်း ငှားရမ်းနေထိုင်ခဲ့ခြင်းဖြစ်သည်။
ဂျပ်စတင်ဘီဘာ ငှားရမ်းနေထိုင်ခဲ့သည့်နေအိမ်မှာ ကယ်လီဖိုးနီးယားတောင်ပိုင်း၊ ဆန်ဖာနန်ဒိုတောင်ကြားတွင် တည်ရှိသည်။
(ဂျပ်စတင်ဘီဘာသည် ၂၀၁၆ ခုနှစ်အတွင်းကလည်း အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ရှိ စံအိမ်ကြီးတစ်လုံးကို တစ်လလျှင် ပေါင် တစ်သိန်းဖြင့် ငှားရမ်းနေထိုင်ခဲ့ဖူးသည်။ အဆိုပါသတင်းကို https://www.imyanmarhouse.com/en/news/read/527847 အင်တာနက်လင့်ခ်တွင် ပြန်လည်ဖတ်ရှုနိုင်ပါသည်)
ယခုအခါ ဂျပ်စတင်ဘီဘာနှင့် ဇနီးဖြစ်သူ ဟိုင်လေ ဘော်လ်ဒွင်တို့သည် အဆိုပါနေအိမ်တွင် အဆင်မပြေမှုများ ဆက်တိုက်ကြုံရခြင်းကြောင့် နေအိမ်ပြန်အပ်ရန် စီစဉ်လာလျက်ရှိသည်။
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလအတွင်း အိပ်ခန်း ၄ ခန်း၊ ရေချိုးခန်း ၇ ခန်းပါ ယင်းနေအိမ်သို့ လက်ထပ်ပြီးစ ဘီဘာတို့ဇနီးမောင်နှံ ပြောင်းရွှေ့နေထိုင်ပြီး မကြာမီတွင်ပင် ရေကူးကန်ရှိ အပူပေးစနစ်ပျက်စီးသွားခဲ့သည်။
ယင်းနောက် လေအေးပေးစက်တွင်လည်း ပြဿနာများ ပေါ်ပြန်သည်။ နောက်ဆုံးပြဿနာကား ပိုက်လိုင်းများ ပျက်စီးခြင်းဖြစ်ရာ ဘီဘာတို့အဖို့ အဆိုးရွားဆုံးအခက်ကြုံရခြင်းလည်း ဖြစ်သည်။
ဘီဘာနှင့် ဘော်လ်ဒွင်တို့သည် ရေပိုက်ပြင်သမားကို အချိန်ကြာရှည်စွာစောင့်ဆိုင်းရင်း အချိန်ဖြုန်းနေခဲ့ရသည်။
ယခုနေအိမ်မှာ တစ်လချင်းပေးစနစ်ဖြင့် ငှားရမ်းထားခြင်းကြောင့် ဘီဘာတို့ဇနီးမောင်နှံအဖို့ အချစ်ဗိမ္မာန်သစ်တစ်ခုသို့ ချက်ချင်းပြောင်းရွှေ့ရန်ကား အခက်မရှိချေ။
ယခုအခါ ဘီဘာတို့ ဇနီးမောင်နှံသည် ကယ်လီဖိုးနီးယားတောင်ပိုင်းတစ်ခွင်တွင် နေအိမ်လိုက်လံရှာဖွေလျက်ရှိသည်ဟူသော သတင်းများလည်း ထွက်ပေါ်နေသည်။
နေအိမ်သစ်မတွေ့မီတွင် ဘီဘာတို့ဇနီးမောင်နှံသည် Montage Beverly Hills ဟိုတယ်တွင် နေထိုင်လျက်ရှိပြီး တစ်ညလျှင် ကန်ဒေါ်လာ ၉၀၀၀ ပေးရသည်ဟု ဆိုသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)