ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
မကွေးတိုင်းအတွင်း မြို့နယ်များတွင် စည်ပင်သာယာရေးဌာနက ကောက်ခံနေသော အိမ်ခွန်(ပစ္စည်းခွန်)များကို ယခင် ကခြောက်လတစ်ကြိမ်ကောက်ခံရာမှ ယခုဘဏ္ဍာနှစ်ကစတင်ကာ တစ်နှစ်စာ ပြောင်းလဲကောက်ခံ နေကြောင်း တိုင်းစည်ပင်သာယာ ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ယခင်က စည်ပင်သာယာ နယ်နိမိတ်ရှိ နေအိမ်များကို အိမ်ခွန်(ပစ္စည်းခွန်)အဖြစ် အဆောက်အအုံတည်ဆောက်ထားသည့်အခြေအနေများပေါ် မူတည်၍ ခြောက်လစာအဖြစ်ကျပ် ၉၀၀ မှ ကျပ် ၂၅,၀၀၀ အထိကောက်ခံခဲ့ပြီး ယခုပြောင်းလဲခဲ့သောစနစ်အရ တစ်နှစ်စာကိုတစ်ကြိမ်တည်း ကောက်ခံနေကြောင်း အောင်လံ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မြို့နယ်အမှုဆောင်အရာရှိ ဦးမြလင်းကပြောသည်။
‘‘နိုင်ငံတကာ စံနှုန်းဖြစ်အောင် ပြောင်းတာပေါ့နော်။တစ်နှစ်စာတစ်ကြိမ်တည်းကောက်ခံ တော့ တာဝန်ကျဝန်ထမ်းတွေအနေနဲ့ ငွေကြေးလက်ထဲကိုင်ထားတာမျိုးတွေမရှိတော့ဘူး။ တစ်ပါ တည်းကောက်ခံပြီး ဘဏ်ကိုနေ့စဉ်တန်းသွင်းရတဲ့စနစ်ဖြစ်သွား တာဖြစ်တဲ့အတွက် စီမံခန့်ခွဲမှုအပိုင်းမှာလည်း အရမ်းလွယ်ကူသွားမယ်’’ ဟု မကွေးတိုင်းစည် ပင်သာယာရေးအဖွဲ့တာဝန်ရှိသူ တစ်ဦးက ပြောသည်။
နှစ်စဉ်ဘဏ္ဍာရေးနှစ်အစကာလများတွင် စတင်ကောက်ခံမည်ဖြစ်ပြီး နေအိမ်သို့အရောက် လိုက်လံကောက်ခံသော စနစ်ဖြင့်လည်းကောင်း၊ မြို့နယ်ရုံးသို့လာရောက်ပေးဆောင်နိုင်သော စနစ် ဖြင့်လည်းကောင်းကောက်ခံမည် ဟုဆိုသည်။
အောင်လံမြို့နယ်အတွင်း စည်ပင်သာယာရေးနယ်နိမိတ်တွင်း အိမ်ခွန်(ပစ္စည်းခွန်)ကောက် ခံနေသည့် နေအိမ်ရှစ်ထောင်ကျော်ရှိပြီး နှစ်စဉ်ကျပ်သိန်းသုံး ရာကျော် အခွန်ရရှိကြောင်း ဦးမြလင်းက ပြောသည်။
Credit: 7Daydaily