ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
ပလာဇိုဗိသုကာဟန် ဟူသည်မှာ ၁၉ ရာစုနှင့် ၂၀ ရာစုနှစ်များအတွင်း အီတာလျံ ရီနေးဆင်း ၏ ချမ်းသာကြွယ်ဝသော မိသားစုများက ဆောက်လုပ်ခဲ့ကြသည့် ပလာဇီ (နန်းတော်များ) ကို အဓိကရည်ညွှန်းသည့် ဗိသုကာဟန်ဖြစ်သည်။
ပလာဇိုဗိသုကာသည် ယေဘုယျ ပုံသဏ္ဌာန်၊ အချိုး အစားနှင့် ၀ိသေသလက်္ခဏာ အစုအဝေးတစ်ရပ်ကိုသာ ရည် ညွှန်းပြီး တိကျသည့် ဒီဇိုင်းပုံစံသတ်မှတ်ချက်ကို ရည်ညွှန်း ခြင်း မရှိချေ။
ထို့ကြောင့်ပင် ပလာဇိုဗိသုကာကို နှစ်ပေါင်း ၂၀၀ ခန့်အထိ အဆောက်အအုံများစွာတွင် ကျယ်ပြန့်စွာ အသုံးပြု ခဲ့ကြသည်။ ပလာဇိုဗိသုကာဟန် အဆောက်အအုံများတွင် တွေ့ရ လေ့ရှိသည့် ၀ိသေသလက္ခဏာများကား အချိုးညီမှု၊ corniced, basemented တို့နှင့်အတူ သပ်ရပ်သည့် ပြတင်းပေါက်များ စီတန်းပါဝင်မှုတို့ ဖြစ်ကြသည်။ ၁၉ ရာစုနှစ်၏ ပလာဇိုဗိသုကာဟန် အဆောက်အအုံ များသည် အီတလီဗိသုကာကို တစ်ခါတစ်ရံတွင် ရည်ညွှန်းလေ့ ရှိသော်လည်း ပလာဇိုမှာ အလှဆင်မွမ်းမံမှုများ ပိုမိုပါဝင်ပြီး အထူးသဖြင့် လူနေအိမ်များနှင့် အများသူငါဆိုင်ရာ အဆောက် အအုံများတွင်သာ အသုံးပြုလေ့ရှိကြသည်။ အစောပိုင်း ပလာဇိုဟန် အဆောက်အအုံများသည် အီတလီမူရင်းဗိသုကာဟန်များ၏ ဖွဲ့စည်းပုံ၊ အချိုးအစား များအတိုင်း အလွန်နီးစပ်စွာ ပုံစံယူဆောက်လုပ်လေ့ရှိခဲ့ကြ သော်လည်း ၁၉ ရာစုနှောင်းပိုင်း ပလာဇိုလက်ရာများမှာမူ မူရင်းအီတလီဟန်များအပေါ် မှီငြမ်းမှုအလွန်နည်းပါးသွား ပြီး ကူးသန်းရောင်းဝယ်ရေးအဆောက်အအုံများ ဆောက်လုပ် ရာတွင်လည်း အသုံးပြုလာကြကာ မူရင်းအီတလီဟန် အဆောက် အအုံများထက် အဆပေါင်းများစွာ ကြီးမားလာကြသည်။
ပလာဇိုဗိသုကာပညာရှင်တို့သည် အသေးစိတ်ပုံဖော် မှုများ ပြုလုပ်ရာတွင် အီတာလျံ ရီနေးဆင်းဟန်မှ ရယူခြင်းထက် ရိုမန်နက်စ်နှင့် တစ်ခါတစ်ရံတွင် ဂေါ့သစ်ဗိသုကာတို့မှ ရယူ ခြင်းများ ပြုလုပ်ကြပြီး အထပ်ပေါင်းများစွာ ဆောက်လုပ်လာ ကြသည်။ ၂၀ ရာစုနှောင်းပိုင်းနှင့် ၂၁ ရာစုတွင်ပင် အချို့သော ပို့စ်မော်ဒန်ဗိသုကာပညာရှင်များသည် မြို့ပြအဆောက်အအုံ များ ဆောက်လုပ်ရာတွင် ပလာဇိုဗိသုကာဟန်ကို အသုံးပြုနေ ကြဆဲ ဖြစ်၏။
အခြေတည်ရာ
ပလာဇို ဗိသုကာဟန်သည် ၁၉ ရာစုအစောပိုင်းတွင် စတင်ခဲ့ပြီး ကလပ်စစ်ကယ် ရီဗိုက်ဗယ်လ်၊ ဂေါ့သစ် ရီဗိုက်ဗယ်လ် အစရှိသည့် ရီဗိုက်ဗယ်လ်ဟန်များကဲ့သို့ ရီဗိုက်ဗယ်လ် အဖြစ် စတင်ပေါ်ပေါက်လာခဲ့သည်။ အီတာလျံ ပလာဇီသည် မြို့ပြဗိသုကာ၏ အစိတ်အပိုင်း တစ်ခုသဖွယ်ဖြစ်လာခဲ့ပြီး အဓိကအားဖြင့် မြို့ပြလူနေအိမ် များ ဆောက်လုပ်ရာတွင် အသုံးပြုခဲ့သည်။ နေအိမ်၏ အောက်ထပ်များကို စီးပွားရေးလုပ်ငန်းအတွက် ရည်ရွယ်ခဲ့ကြပြီး အပေါ်ထပ်တွင် လူနေအဖြစ် အသုံး ပြုခြင်း ဖြစ်သည်။ ပလာဇိုဗိသုကာဟန်ကို အစောဆုံး ခြေရာခံနိုင်သည် မှာ ရိုမန်နက်စ်နှင့် ဂေါ့သစ်ခေတ်များတွင် အစပျိုးသည်ဟု ဆိုနိုင်သည်။ သို့ရာတွင် လက်ရာအတိအကျစတင်တွေ့ရှိရသည် မှာမူ ၁၅ ရာစုနှစ်တွင် ဖြစ်သည်။ ထိုကာလက ဘုရင့်အမှုတော်ထမ်း မှူးမတ်များသည် ကူးသန်းရောင်းဝယ်ရေးများ ပြုလုပ်ခြင်းအားဖြင့်လည်း ချမ်းသာကြွယ်ဝလာကြသည်။
ပလာဇိုလက်ရာဟန်များမှ ထင်ရှားသည့် သာဓကမှာ Palazzo Medici-Riccardi အဆောက်အအုံဖြစ်ပြီး ဖလော ရင့်စ်တွင် တည်ရှိကာ မိုက်ကယ်လိုဇိုက ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ ရောမရှိ Palazzo Farnese အဆောက်အအုံ။ အန်တိုနီယို ဒါ ဆန်ဂါလိုက ဆောက်လုပ်ခဲ့ပြီး မိုက်ကယ် အိန်ဂျလိုက အပြီးသတ်ပေးခဲ့သည်။ ဗင်းနစ်တွင် Ca’ Vendramin Calergi အဆောက် အအုံကို မော်ရို ကိုဂျူစီကလည်းကောင်း၊ Ca’ Grande အဆောက်အအုံကို ဂျက်ကိုပို ဆန်ဆိုဗီနိုကလည်းကောင်း အသီးသီးဆောက်လုပ်ခဲ့ကြသည်။
၁၉ ရာစု အစောပိုင်း
ဥရောပရှိ အစောဆုံးသော ရီနေးဆင်း ရီဗိုက်ဗယ်လ် ပလာဇိုဗိသုကာဟန် အဆောက်အအုံများကို ဆောက်လုပ် ခဲ့သူမှာ ဂျာမန်ဗိသုကာ ပညာရှင် လီယို ဗွန် ကလန်ဇီဖြစ်ပြီး ၎င်းင်းပုံမှန်ဆောက်လုပ်လေ့ရှိသည်မှာ ဂရိ နီယိုး ကလပ်စစ်ကယ် ဗိသုကာဟန်များ ဖြစ်သည်။ အစောဆုံး လက်ရာများအနက် ဂျာမနီနိုင်ငံ၊ ဘာ ဗေးရီးယားပြည်နယ်၊ မြူးနစ်မြို့တွင် တည်ရှိသည့် နန်းတော် ကြီးဖြစ်သော ပါလေး လာ့ရှ်အင်ဘတ် (The Palais Leuch-tenberg ) နန်းတော် အဆောက်အအုံကြီးလည်း ပါဝင်သည်။
လက်ရှိအားဖြင့် အဆိုပါနန်းတော်ကြီးတွင် ဘာဗေး ရီးယားပြည်နယ် အစိုးရ ရုံးစိုက်ထားသည်။ ၁၈၁၇ ခုနှစ်မှ ၁၈၂၁ ခုနှစ်အကြား ဆောက်လုပ်ခဲ့ပြီး ထိုခေတ် ဂဲလ်ဒါငွေ ၇၇၀၀၀၀ ကုန်ကျခဲ့သည်။ ထိုခေတ် ထိုကာလက အကြီးမားဆုံး နန်းတော် အဆောက်အအုံကြီးဖြစ်ခဲ့ပြီး ကပွဲခန်းမ၊ ကဇာတ်ရုံ၊ ဘိလိ ယက်ခန်းမ၊ ပန်းချီပြခန်း၊ ဘုရားကျောင်းတစ်ခုတို့ အပါအ၀င် အခန်းပေါင်း ၂၅၀ ကျော် ပါဝင်သည်။ ၃ ထပ်အဆောက်အအုံကြီးဖြစ်ပြီး ဒုတိယထပ်၏ ပြတင်းပေါက်များတွင် မြင့်မိုရ်ပိတ်များ ထည့်သွင်းထားခြင်း များ၊ ကြီးမားသော ကောနစ်အလှဆင်မှုများ၊ နံရံထောင့်ချိုး အလှဆင်မှုများ၊ ပင်မအ၀င်ပေါက်တွင် ကော်လံတိုင်များ ထည့်သွင်းထားသည့် ဆင်ဝင်ငယ်ဆောက်လုပ်ထားခြင်းများ တွေ့ရသည်။ နံရံများကို အင်္ဂတေသရွတ်နုကိုင်ထားပြီး ရောမ တွင် ၁၆ ရာစုက ဆောက်လုပ်ခဲ့သော Palazzo Farnese နန်းတော်ကြီးအတိုင်း ဆေးသုတ်ထားသည်။ အင်္ဂလန်နိုင်ငံတွင် ၁၉ ရာစုအစောပိုင်း၌ ပလာဇို ဗိသုကာဟန်ကို လန်ဒန်ရှိ အထက်တန်းလွှာများ လာရောက် ကြသည့် ကလပ်များ ဆောက်လုပ်ရာတွင် အသုံးပြုခဲ့ကြသည်။ ယင်းနောက်ပိုင်းတွင် မြို့ပြနှင့် ကျေးလက် (ကျေးလက်တွင် မူ အနည်းငယ်အသုံးနည်းပါး) ရှိ လူနေအိမ်များ၊ ဘဏ်များ နှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အဆောက်အအုံများ ဆောက်လုပ်ရာတွင် အသုံးပြုလာကြသည်။ ၁၉ ရာစုနှောင်းပိုင်းတွင်မူ ပလာဇိုဗိသုကဟန်ကို မှီငြမ်းခြင်း (သို့မဟုတ်) ချဲ့ထွင်ခြင်းများပြုလုပ်ကာ ကုန်မျိုးစုံ ဆိုင်များနှင့် ဂိုထောင်များ ဆောက်လုပ်ရာတွင် အသုံးပြု လာကြသည်။ အင်္ဂလန်တွင် ၁၉ ရာစု၏ ဒုတိယမြောက် ၂၅ နှစ် တာကာလအတွင်း ပလာဇိုဗိသုကာဟန်သည် မည်သည့်ဟန် နှင့်မျှ ရောနှောခြင်းမရှိဘဲ အသန့်စင်ဆုံး ဖြစ်ခဲ့၏။ ကြီးမားသည့် မြင်းမိုရ်ပိတ်ကြီးများ၊ ကော်လံတိုင်ကြီး များကို အဓိကအားထားသည့် ကလပ်စစ်ကယ် ရီဗိုက်ဗယ်လ် ဟန်နှင့် ယှဉ်ပြိုင်နိုင်ရန်အတွက် ပလာဇိုသည် ခမ်းနားထည်ဝါ မှုရှိရန်လည်း ဦးတည်ခဲ့ရာ ဗြိတိသျှပြတိုက်ကြီးမှာ ထင်ရှားသည့် ပြယုဂ်တစ်ခု ဖြစ်သည်။
လန်ဒန်ရှိ ကလပ်များအနက် ထင်ရှားသည့် သာဓက များမှာ ဗိသုကာပညာရှင် ဒီစီမတ်စ် ဘာတန်က ၁၈၂၄ ခုနှစ် တွင် ဆောက်လုပ်ခဲ့သော အေသင်နီယမ် ကလပ်၊ ဗိသုကာပညာ ရှင် ဂျွန် နက်ရှ်နှင့် ဒီစီမတ်စ် ဘာတန်တို့ ၁၈၂၈ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည့် United Service Club တို့ ဖြစ်ကြသည်။ ၁၈၂၉ ခုနှစ်တွင် The Travellers' ကလပ် ကို ပလာဇိုဗိသုကာဟန်ဖြင့် ဆောက်လုပ်ခဲ့ကာ အင်္ဂလန်တွင် ရီနေးဆင်းရီဗိုက်ဗယ်လ်ဗိသုကာကို စတင်မိတ်ဆက်ခဲ့သည်။
ဘာတန်နှင့် နက်ရှ်တို့၏ ဒီဇိုင်းများမှာ အင်နီဂို ဂျုန်းစ်၏ Banqueting House, Whitehall ESifh Queen's House အစရှိသည့် အင်္ဂလိပ် ရီနေးဆင်းဟန်များပေါ်တွင် အခြေတည် ပြီး ဘာရီ၏ ဒီဇိုင်းများမှာမူ အီတာလျံ ရီနေးဆင်းဗိသုကာ ဟန်၏ အချိုးအစားနှင့် ဖွဲ့စည်းပုံများကို အခြေတည်သည်။ ၎င်းတို့၏ လက်ရာများမှာ ၁၇၁၅ ခန့်တွင် စတင်ထွန်းကားခဲ့သည့် ပလေးဒီယန်ဗိသုကာမျိုးမဟုတ်ဘဲ ၁၅ ရာစုအစောပိုင်းတွင် စတင်ကာ ဖလောရင့်တွင် အခြေ တည်ကာ ထွန်းကားခဲ့သည့် ရီနေးဆင်းဗိသုကာဟန်မျိုး ဖြစ်ကြသည်။
ဘာရီ၏ အခြားထင်ရှားသော လက်ရာများမှာ လန်ဒန်ရှိ Bridgewater House (၁၈၄၇-၅၇) နှင့် ဘက်ကင် ဟမ်ရှိုင်းယားရှိ Cliveden (၁၈၄၉-၅၁) တို့ ဖြစ်ကြသည်။
ချားလ်စ် ဘာရီ၏ နောက်ပိုင်းကာလတွင် ပလာဇို ဗိသုကာဟန်ကို အသုံးပြုသည့်နယ်ပယ် ပိုမိုကျယ်ပြန့်လာရာ အထူးသဖြင့် ဘဏ်လုပ်ငန်းတွင် ဖြစ်သည်။
Belfast ဘဏ်ကို ပလာဇိုဗိသုကာဟန်ဖြင့် ဆာချားလ်စ် လန် ယွန်က ၁၈၄၅ ခုနှစ်တွင် ပြန်လည်မွမ်းမံတည်ဆောက်ခဲ့ပြီး အမှတ် ၁၅ ကန်ဆင်တန်နန်းတော်ပန်းခြံများကိုလည်း ဂျိမ်းစ် သောမတ်စ် နိုးလက်စ်က ပလာဇိုဗိသုကာဟန်ဖြင့် ၁၈၅၄ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည်။
၁၈၅၀ ပြည့်လွန်ကာလများမှ ၁၉၀၀ ပြည့်နှစ်အထိ
၁၉ ရာစုနှစ်အတွင်း ပလာဇိုဗိသုကာ၏ အထင် ရှားဆုံးဗိသုကာပညာရှင်မှာ အက်ဒ်မွန် ဘလက်ကက်ဖြစ်၏။ ၁၈၅၁ ခုနှစ်တွင် သြစတေးလျနိုင်ငံ၊ နယူးဆောက်ဝေးနှင့် ၀ိတိုရိယပြည်နယ်တို့တွင် ရွှေတူးဖော်တွေ့ရှိခြင်းမတိုင်မီ နှစ် အနည်းငယ်အလို၌ ဘလက်ကက်သည် ဆစ်ဒနီမြို့သို့ ရောက် ရှိလာခဲ့သည်။ ယင်းနောက် နောင်ဆယ်စုနှစ်အတွင်း ဆစ်ဒနီရှိ ဘဏ်လုပ်ငန်း ကုမ္ပဏီ ၆ ခုအတွက် ရုံးချုပ်အဆောက်အအုံ ကြီးများ ဆောက်လုပ်ပေးခဲ့သည့်နည်းတူ ကျေးလက်ဒေသများ တွင်လည်း ရုံးခွဲအဆောက်အအုံများ ဆောက်လုပ်ပေးခဲ့သည်။ အဆိုပါလက်ရာများသည် ဆစ်ဒနီတွင် အစောဆုံး ပလာဇိုဗိသုကာဟန်များ ဖြစ်ကြပြီး အဆောက်အအုံအားလုံး ကို ဆစ်ဒနီဒေသတွင်း ထွက်ရှိသော အ၀ါရောင် သဲကျောက်တုံး များဖြင့် ဆောက်လုပ်ခဲ့သည်။ နောက်ပိုင်းတွင် ပိုမိုမြင့်မားသော အဆောက်အအုံ များ ဆောက်လုပ်ရန်အတွက် ၁၉၆၅ ခုနှစ် ၁၉၈၀ အကြား အဆိုပါ အဆောက်အအုံ အားလုံးကို ဖျက်သိမ်းခဲ့သည်။ ၁၈၅၀ ပြည့်လွန်ကာလများမှ စတင်ပြီး အဆောက် အအုံများစွာကို ပလာဇို ဗိသုကာဟန်ဖြင့် ဆောက်လုပ်ခဲ့ကြပြီး ပလာဇို၏ သရုပ်သကန်များဖြစ်သော အတန်းလိုက် စီတန်း တည်ရှိသော ပြတင်းပေါက်များ၊ ကြီးမားသည့် ကော်နစ်အလှ ဆင်မှုများ တွေ့ရသည်။
ဂလပ်စကိုမြို့တွင် ၁၈၅၅ ခုနှစ်၌ ဆောက်လုပ်ခဲ့ သည့် Grosvenor Terrace ကဲ့သို့ အလွန်ရှည်လျားလှသော အဆောက်အအုံကြီးကို ဗိသုကာပညာရှင် ဂျေ-တီ-ရိုခ်ျ ဟက်ဒ်ကလည်းကောင်း၊ မန်ချက်စတာရှိ Watts Warehouse ကို ၁၈၅၆ ခုနှစ်တွင် ဗိသုကာပညာရှင် ထရာဗစ်နှင့် မဂ္ဂနယ်လ် တို့ကလည်းကောင်း ပလာဇိုဗိသုကာဟန်ဖြင့် ဆောက်လုပ် ခဲ့ကြသည်။
ပလာဇိုဗိသုကာဟန်သည် ဗြိတိန်နိုင်ငံ၊ မန်ချက် စတာတွင် အလွန်ကျော်ကြားခဲ့ပြီး အထူးသဖြင့် အက်ဒ်ဝါ့ဒ် ဝေါတားစ်၏ လက်ရာများဖြစ်ပြီး သူ၏ အကောင်းဆုံးပလာဇို ဗိသုကာ လက်ရာများတွင် ၁၈၅၃ ခုနှစ်၌ ဆောက်လုပ်ခဲ့သည့် Free Trade Hall အဆောက်အအုံကြီးလည်း အပါအ၀င် ဖြစ်သည်။
အီတလီဗိသုကာပညာရှင် အယ်လ်ဒို ရိုစီသည် ပလာဇို ဗိသုကာဟန်အဆောက်အအုံ အများအပြားကို ဒီဇိုင်းရေးဆွဲ ခဲ့ရာ ဂျပန်နိုင်ငံ၊ ဖူကူအိုကာတွင် ၁၉၈၉ ခုနှစ်၌ ဆောက်လုပ် ခဲ့သည့် Hotel Il Palazzo အဆောက်အအုံကြီးလည်း အပါအ၀င်ဖြစ်သည်။ ပလာဇို၏ စံပြ ပြယုဂ်ဖြစ်သော မျက်နှာစာ၊ ကော်နစ် အလှဆင်မှု အစရှိသည်တို့ကို ဂျပန်ရိုးရာဗိသုကာတွင် မကြာ ခဏတွေ့ရလေ့ရှိသော အနီရဲရဲအရောင်များဖြင့် တွဲစပ်ပေးထား သည်။ ၁၉၉၆ ခုနှစ်တွင်လည်း အယ်လ်ဒိုရိုစီသည် ဘာလင် မြို့တွင် အဆောက်အအုံကြီးတစ်ခုကို ဒီဇိုင်းရေးဆွဲပေးခဲ့ သေးသည်။ အဆိုပါ အဆောက်အအုံကြီး တည်ရှိရာနေရာမှာ မူလက ဘာလင်တံတိုင်းကြီး၏ အစိတ်အပိုင်းတစ်ခု တည်ရှိခဲ့ သည့် နေရာလည်း ဖြစ်သည်။ ရိုစီက အဆောက်အအုံတစ်ခုတည်းကို ပုံသဏ္ဌာန် များစွာ မှတ်ထင်ရမည့်ဒီဇိုင်းမျိုး ရေးဆွဲလေ့ရှိရာ မတူညီသော အကျယ်အ၀န်း အတိုင်းအတာ၊ ဒီဇိုင်းနှင့် အရောင်မျိုးစုံ သုံးလေ့ရှိပြီး ပလာဇိုဗိသုကာဟန်ကို အများဆုံးအသုံးပြုပြီး ပုံဖော်ဆောက်လုပ်ခဲ့သည်။
အိအိအေးအောင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com