ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
ဒလတံတားပန္နက်ရိုက်ပြီးစတင်တည်ဆောက်နေပြီဖြစ်သောကြောင့် ဒလမြို့နယ်တွင် လမ်းမတန်းရှိ မြေကွက်များ သိန်း ၄ဝဝဝ ကျော်ဖြင့် ဈေးခေါ်ကာ ရောင်းချနေသော်လည်း ဝယ်ယူသူနည်းပါးသေးကြောင်း ဒလမြို့နယ်အိမ်ခြံမြေဈေးကွက်ထံမှ စုံစမ်းသိရှိရသည်။
ယခုလက်ရှိတွင် ဒလမြို့နယ်လမ်းမတန်းရှိ မြေကွက်များအရောင်းအဝယ်အေးနေသော်လည်း ရပ်ကွက်အတွင်းရှိ သိန်း၃၅၀မှ သိန်း၄၀၀ ပေါက်ဈေးရှိသည့် ပေ ၂၀၊ပေ၆၀ အိမ်ခြံ၊မြေကွက်များသာ အရောင်းအဝယ်အနည်းငယ်များနေကြောင်း ဒလမြို့နယ်အိမ်ခြံမြေဈေးကွက်ထံမှ သိရသည်။
ယခင်က ဒလတံတားပတ်ဝန်းကျင်ရှိ ဗိုလ်မင်းရောင်လမ်းမတန်း၊ ရန်ကုန်-တွံတေးကားလမ်းမနှင့် မြဝတီမင်းကြီးလမ်းမတန်းတလျှောက်ရှိ အိမ်၊ခြံမြေဈေးများသည် ယခင်က ပေ ၄ဝ x ၆ဝ တကွက်ကို သိန်း ၁၅ဝဝမှ သိန်း ၂ဝဝဝ ခန့်ပေါက်ဈေးရှိခဲ့ပြီး ယခုလက်ရှိတွင် သိန်း၄၀၀၀မှ သိန်း ၆၀၀၀ဝန်းကျင်အထိ ပေါက်ဈေးအထိရှိလာကြောင်း ၄င်းကဆိုသည်။
လက်ရှိ ဒလအိမ်ခြံမြေဈေးများ ဈေးနှုန်းများမြင့်နေသော်လည်း လမ်းမတန်းရှိမြေကွက်များကို ဘဏ်များဖွင့်ရန်နှင့် ကုမ္ပဏီများဖွင့်ရန်အတွက် ပြည်တွင်းနှင့်ပြည်ပစီးပွားရေးလုပ်ငန်းရှင်အချို့က ဝယ်ယူထားပြီး ရပ်ကွက်အတွင်းရှိမြေကွက်များကို နေထိုင်ရန်အတွက် လာရောက်ဝယ်ယူသူများရှိကြောင်း ဒလမြို့နယ်အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းထံမှ သိရသည်။
မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com