ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်ရှိမြေ ၆ ဧကကျော်တွင် လူမှုစီးပွားဖွံ့ဖြိုးရေးနှင့် မြို့ပြဖွံ့ဖြိုးရေး အထောက်အကူပြု မြေ ၆ ဧက ကျော်တွင်မြို့ပြပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်း (Urban Redevelopment Project) ကို ဆောင်ရွက်သွားရန်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။
အလုံမြို့နယ်၊ဗဟိုလမ်း အမှတ် ၂၄ (အေ)ရှိ မြေဧရိယာ ၆ ဒသမ ၉၈၂ ဧကပေါ်တွင် ဆောင်ရွက်မည့် အဆိုပါစီမံကိန်း ကို ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုဖြင့် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်းသိရသည်။
"ယင်းစီမံကိန်းကို BOT စနစ်နှင့် ဆောင်ရွက်မှာဖြစ်တဲ့အပြင် ပြည်တွင်းသာမက ပြည်ပက ရင်းနှီးမြှုပ်နှံသူတွေကိုပါ ဆောင်ရွက်ခွင့်ပြုမှာဖြစ်သောကြောင့် စိတ်ဝင်စားမှုအဆိုပြုလွှာ (EOI) တင်သွင်းဖို့ခေါ်ယူနေပြီဖြစ်ပါတယ် "ဟုဆောက်လုပ်ရေးဝန်ကြီးဌာနမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထိုစိတ်ဝင်စားမှုအဆိုပြုလွှာများအတွက်အဆိုပြုလွှာပုံစံနှင့် ညွှန်ကြားချက်များကိုနေပြည်တော် ရှိဆောက်လုပ်ရေးဝန်ကြီးဌာနတွင် ဒီဇင်ဘာ ၁၄ ရက်မှ ၂၈ ရက်အတွင်း ရောင်းချပေးနေပြီဖြစ်ပြီး အဆိုပြုလွှာတင်သွင်းလိုသူများသည် ဇန်နဝါရီလ ၁၅ ရက် နောက်ဆုံးထားတင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။
Credit: Pyi Myanmar