ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
အိန္ဒိယအစိုးရ၏ အိမ်ခြံမြေဖွံ့ဖြိုးရေးမူဝါဒခြေလှမ်းများကြောင့် အိမ်ခြံမြေဈေးကွက်သည် နယ်ပယ်ကျယ်ပြန့်လာသည်သာမက ပြီးခဲ့သော ၂၀၁၇ ခုနှစ်အတွင်း ဈေးကွက်တန်ဖိုး ကန်ဒေါ်လာ ၁၂၀ ဘီလီယံဖိုးရှိခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်တွင် ကန်ဒေါ်လာ ၁၈၀ ဖိုးအထိရှိလာမည်ဟု ခန့်မှန်းထားသည်။
အိန္ဒိယ၏ လူလတ်တန်းစား ပမာဏမှာလည်း လျင်မြန်သည့်နှုန်းဖြင့် မြင့်တက်လာလျက်ရှိနေပြီး မြို့ပြနေလူဦးရေ ပမာဏမှာလည်း ကြီးမားစွာတိုးမြင့်လာလျက်ရှိသည်။
အဆိုပါအချက်များ၏ အကျိုးဆက်အားဖြင့် အိမ်ခြံမြေဈေးကွက်ကျယ်ပြန့်လာခြင်း ဖြစ်လေသည်။
သုတေသီများစွာတို့က ဟောကိန်းထုတ်ထားရာတွင် အခွန်ပမာဏနှင့် ဈေးကွက်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှုများမှာ မကြာတော့သည့် အနာဂတ်တွင် အလွန်မြင့်တက်လာမည်ဟု ဟောကိန်းထုတ်ထားသည်။
လူနေအိမ်ခြံမြေကဏ္ဍဝယ်လိုအားမြင့်တက်မှုနှင့်အတူ လက်လီနှင့် ဧည့်ဝန်ဆောင်မှုကဏ္ဍများတွင်လည်း စားသုံးသူဈေးကွက်ကြီးထွားလာလျက်ရှိသည်။
အိမ်ခြံမြေအတိုင်ပင်ခံအဖွဲ့ JLL က ယခုနှစ် အစောပိုင်းအတွင်း ဟောကိန်းထုတ်ခဲ့ရာတွင် အိန္ဒိယ၏ လက်လီအိမ်ခြံမြေဈေးကွက်သည် မကြာတော့သည့်အနာဂတ်တွင် စတုရန်းပေ သန်း ၁၀၀ ကျော်သို့ ရောက်ရှိဖွယ်ရှိကြောင်း ခန့်မှန်းထားသည်။
ထို့အတူ ဧည့်ဝန်ဆောင်မှု အိမ်ခြံမြေကဏ္ဍတွင်လည်း ဖွံ့ဖြိုးမှုများရှိနေပြီး ဟိုတယ်ခန်းငှားရမ်းနေထိုင်မှုနှုန်းထားမှာ လျင်မြန်စွာမြင့်တက်လာလျက်ရှိနေသည်။
စာရင်းအင်းနှင့် အကြံပေးအဖွဲ့ KPMG မှ အစီရင်ခံစာတစ်ရပ်အရ ယခုနှစ်အိန္ဒိယအိမ်ခြံမြေဈေးကွက်ဖွံ့ဖြိုးရခြင်း၏ အကြောင်းရင်းများတွင် ဝယ်လိုအားကြီးထွားလာမှု၊ အစိုးရ၏ အကျိုးရှိစေမည့် ခြေလှမ်းများ အကောင်အထည်ဖော်မှုများကြောင့် ဖြစ်ကြောင်း ဖော်ပြထားသည်။
ယခုနှစ်အတွင်း အိန္ဒိယအစိုးရသည် နိုင်ငံတစ်ဝန်းတွင် တန်ဖိုးသင့်အိမ်ရာများ အကောင်အထည်ဖော်ခြင်းများစွာလည်း ပြုလုပ်ခဲ့သည်။
ကောင်းမွန်သည့် မူဝါဒများ ချမှတ်မှုနှင့်အတူ အိမ်ခြံမြေဖွံ့ဖြိုးရေးအတွက် လုပ်ထုံးလုပ်နည်း ဖြေလျှော့ပေးမှုများစွာလည်း ပြုလုပ်ခဲ့သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)