ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
ဒုတိယကမ္ဘာစစ်ကြီးကို အနိုင်တိုက်ခဲ့သော ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီ နေထိုင်ခဲ့သော မော်ရိုကိုနိုင်ငံရှိ ဟိုတယ်ကြီးကို လေလံတင်ရောင်းချမည် ဖြစ်သည်။
မော်ရိုကိုနိုင်ငံအနောက်ပိုင်း မာရာကက်ရှ်မြို့ကလေးရှိ La Mamounia ဟိုတယ်သည် ကြယ်ငါးပွင့် အဆင့်ရှိ ဟိုတယ်ကြီးဖြစ်ပြီး ပြင်သစ်နိုင်ငံကို ကမ္ဘာပေါ်တွင် စတုတ္ထမြောက်အနုမြူလက်နက်ပိုင် နိုင်ငံအဖြစ် ဆောင်ကြဉ်းပေးခဲ့သော ပြင်သစ်သမ္မတ ချားလ်ဒီဂေါ၊ ရုပ်ရှင်သမိုင်းတွင် သြဇာအလွှမ်းဆုံးဒါရိုက်တာကြီး အဲဖရက် ဟစ်ခ်ျကော့တို့အပါအဝင် ဟောလိဝုဒ်ကြယ်ပွင့်များစွာ နေထိုင်ခဲ့ကြဖူးသည့် နေရာဖြစ်သည်။
မာရာကက်ရှ်မြို့ကလေးသည် စီးပွားရေးအချက်အခြာကျသည့်နေရာတစ်ခုဖြစ်ပြီး ဗလီများ၊ နန်းတော်များ၊ ပန်းဥယျာဉ်များ များစွာတည်ရှိသောနေရာလည်း ဖြစ်သည်။
ယခုအခါ မော်ရိုကိုအစိုးရက La Mamounia ဟိုတယ်ကြီး၏ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ရောင်းချကာ ဘဏ္ဍာငွေရှာဖွေနိုင်ရန် ကြိုးပမ်းလာခြင်း ဖြစ်သည်။
မော်ရိုကိုအစိုးရက အနိမ့်ဆုံးကြမ်းခင်းဈေးသတ်မှတ်နိုင်ရန် သုံးသပ်နေပြီး လာမည့် ၂၀၁၉ ခုနှစ်အတွင်း လေလံတင်သွားရန် စီစဉ်ထားသည်။
ဟိုတယ်ကြီးသည် အမြတ်အစွန်းရရှိသည့် လုပ်ငန်းတစ်ခုအဖြစ် နှစ်ပေါင်းများစွာ ရပ်တည်ခဲ့သော်လည်း ကြွေးမြီပြန်လည်ပေးဆပ် ရမှုများကြောင့် ရှယ်ယာရှင်များကို အမြတ်အစွန်းခွဲဝေပေးခြင်းမရှိခဲ့သည်မှာ ၈ နှစ်မှ ၁၀ နှစ်အကြား ရှိခဲ့ပြီဖြစ်ကြောင်း မာရာကက်ရှ် မြို့တော်ဝန် မိုဟာမက် လာဘီ ဘယ်လ်ကိတ်ဒ်က ပြောကြားသည်။
“ဒါဟာ မာရာကက်ရှ်အတွက်သာမက ကမ္ဘာ့ဟိုတယ်လုပ်ငန်းနယ်အတွက်ပါ သမိုင်းဝင်အထင်ကရတစ်ခု ဖြစ်ပါတယ်”အိမ်တွင်းဒီဇိုင်းမဂ္ဂဇင်းဖြစ်သော Architectural Digest က ၂၀၁၈ ခုနှစ် ၊ ဖေဖော်ဝါရီလအတွင်း La Mamounia ဟိုတယ်ကြီးကို “ကမ္ဘာ့သမိုင်းဝင်အထင်ရှားဆုံးဟိုတယ် ၇ လုံး”စာရင်းတွင် ထည့်သွင်းဖော်ပြခဲ့သည်။
Art Deco ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော အဆိုပါဟိုတယ်ကြီးသည် ဝင်စတန်ချာချီ အမြတ်နိုးဆုံးဟိုတယ်ကြီးဖြစ်ရုံမျှမက အမေရိကန်သမ္မတ ဖရန်ကလင် ဒီ ရုစဗဲ့ကလည်း ကမ္ဘာပေါ်ရှိ အလှပဆုံးနေရာများမှတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ဖူးသည်။
ဟိုတယ်ခန်းခ ဈေးနှုန်းမှာ တစ်ညလျှင် ယူရို ၆၀၀ (ကန်ဒေါ်လာ ၆၈၄) ခန့်ရှိပြီး ဧည့်ခန်းပါ ဟိုတယ်ခန်းများဆိုလျှင် တစ်ညလျှင် ၅၅၃၀ ယူရိုခန့်အထိ ကျသင့်မည် ဖြစ်သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)