ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
ပြီးခဲ့သည့်အစိုးရလက်ထက်က စတင်ခဲ့သည့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကြောင့် မြေသိမ်းခံဒေသခံများအနေဖြင့် လျော်ကြေးမရရှိမည်ကို စိုးရိမ်မှုများရှိနေပြီး အစိုးရအဖွဲ့ဘက်မှလည်း စီမံကိန်းစတင်မှသာလျှင် လုပ်ထုံးလုပ်နည်းနှင့်အညီ လျော်ကြေးငွေပေးအပ်သွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။
စီမံကိန်းကို အမြန်ဆုံးစတင်နိုင်ရန်အတွက် အစိုးရအဖွဲ့မှ ကြိုးစားနေပြီး လက်ရှိတွင် စီမံကိန်းမစတင်မီ သယ်ယူပို့ဆောင်ရေးလမ်းပိုင်းအဆင်ပြေစေရန်အတွက် ထားဝယ်စီးပွားရေးဇုန်နှင့် ထိုင်းနိုင်ငံ ကန်ချနာပူရီမြို့သို့ ဆက်သွယ်မည့် နှစ်လမ်းသွား မော်တော်ကားလမ်းကို စတင်ဖောက်လုပ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လမ်းပိုင်းကို ထိုင်းနိုင်ငံမှ ချေးငွေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိတွင် နှစ်နိုင်ငံ သဘောတူလက်မှတ် ရေးထိုးထားကြောင်း သိရသည်။ “ စီမံကိန်းစမှ လျော်ကြေးငွေပေးလို့ရမှာပါ။ အခုက စီမံကိန်းလည်းမစသေးတော့ ဘာမှလုပ်လို့မရဘူး။ စီမံကိန်းအမြန် စနိုင်ဖို့အတွက်က အသစ်ဖောက်လုပ်မယ့် လမ်းအပေါ်မူတည်တယ်။ ဒီလမ်းက ပြီးပြီဆိုရင် စီမံကိန်းအတွက် ရင်းနှီးမြှပ်နှံမှုက ဖိတ်ခေါ်လို့ရပြီ။ ဒါကြောင့် စီမံကိန်းစတင်ပြီဆိုတာနဲ့ ဒေသခံတွေ မနစ်နာစေရပါဘူး။ လုပ်ထုံးလုပ်နည်းအတိုင်းပဲသွားမှာပါ ” ဟု တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းက ပြောသည်။
အထူးစီးပွားရေးဇုန်သုံးခုရှိသည့်အနက် သီလဝါအထူးစီးပွားရေးဇုန်တစ်ခုတည်းသာ လုပ်ငန်းလည်ပတ်မှုရှိနေပြီး ကျောက်ဖြူနှင့် ထားဝယ်စီမံကိန်းမှာ စီမံကိန်းစတင်နိုင်ရန် သဘောတူလက်မှတ်ရေးထိုးသည့်အဆင့်တွင်သာရှိသေးကြောင်း သိရသည်။
ထို့အပြင် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းမှာ စတင်နိုင်ရန် အခက်ခဲများစွာရှိနေပြီး လုပ်ကိုင်ခွင့်ရရှိခဲ့ဖူးသည့် အီတာလျံထိုင်းကုမ္ပဏီအနေဖြင့်လည်း ငွေကြေးအင်အားတောင့်တင်းမှုမရှိကြောင်း သိရသည်။
Credit: akonthi