ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
Gaw Capital Partners သည် တရုတ်ပြည်၏ မြို့တော် ပေကျင်းရှိ Pacific Century Place စီမံကိန်းကို ယွမ်ငွေ ၁၀ ဒသမ ၅ ဘီလီယံ (ကန်ဒေါ်လာ ၁ ဒသမ ၅၃ ဘီလီယံ)ဖြင့် ရောင်းချလိုက်ကြောင်း သက်ဆိုင်ရာကုမ္ပဏီက အတည်ပြုလိုက်သည်ဟု ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ဟောင်ကောင်အခြေစိုက်ကုမ္ပဏီဖြစ်သော Gaw Capital က ရောင်းချလိုက်သည့် စီမံကိန်းကြီးသည် အကျယ်အဝန်း ၁၆၉၉၀၀ စတုရန်းမီတာရှိသည့် ကွန်ပလက်စ်တစ်ခုဖြစ်သည်။
ရုံးခန်း တာဝါ ၂ ခု၊ အသင့်နေလူနေခန်းဘလောက် ၂ ခုနှင့် လက်လီအရောင်းဆိုင်နေရာတစ်ခုတို့ ပါဝင်ပြီး ပြည်မကြီးအခြေစိုက် အိမ်ခြံမြေအေဂျင်စီ Lianjia မှတစ်ဆင့် ရောင်းချလိုက်ခြင်းဖြစ်သည်။
အဆိုပါစီမံကိန်းကြီးကို ရစ်ချတ်လီ၏ Pacific Century Premium Developments ထံမှ ဝယ်ယူခဲ့ပြီး ၄ နှစ်ကျော်အကြာတွင် ပြန်လည်ရောင်းချခဲ့ခြင်းလည်း ဖြစ်သည်။
ယခုအရောင်းအဝယ်သည် ပေကျင်းတွင် ယခုနှစ်အတွင်း အကြီးမားဆုံးအိမ်ခြံမြေ အရောင်းအဝယ်အဖြစ် စံချိန်တင်ထားသည်။
Gaw Capital သည် အလားအလာရှိသော ဝယ်လက်များစွာနှင့် ဆွေးနွေးမှုများ လပေါင်းများစွာပြုလုပ်ခဲ့ပြီးနောက်ပိုင်း ရောင်းထွက်သွားခြင်းလည်း ဖြစ်သည်။
အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီ Lianjia နှင့် ဆွေးနွေးမှုများကို ယခုနှစ် ဇွန်လကတည်းက ပြုလုပ်နေခဲ့ခြင်းဖြစ်သည်ဟု ဘလွန်းဘာ့ဂ်ျသတင်းတစ်ရပ်တွင် ဖော်ပြခဲ့ဖူးသည်။
ပေကျင်းမြို့၊ ကျောက်ယန်ခရိုင်ရှိ ယခုစီမံကိန်းကြီးကို ဝယ်ယူသွားသည့် ဝယ်လက်မှာ Beijing Yuanjing Mingde Management and Consulting Co ဖြစ်သည်ဟု ဆိုသည်။
ယခုနှစ်ဇန်နဝါရီတွင် စတင်တည်ထောင်လိုက်သည့်ကုမ္ပဏီတစ်ခုဖြစ်ပြီး Lianjia ၏ အမှုဆောင်အရာရှိ တောက်ဟောင်ဘင်က ဥပဒေအကျိုးဆောင်အဖြစ် ပါဝင်သည်ဟုလည်း ဆိုသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)