ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်းအပိုင်း(၁)အတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူစာချုပ် (Concessional Agreement) ချုပ်ဆိုပြီးမှ တည်ဆောက်ရေးလုပ်ငန်းများ စတင်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနသည် ရန်ကုန်မိုးပျံအမြန်လမ်းမကြီး စီမံကိန်းအပိုင်း ၁ အတွက် စိတ်ဝင်စားသူများကို အရည်အသွေး ပြည့်မီမှုတောင်းဆိုချက် တင်သွင်းလွှာများကို ၂၀၁၈ခုနှစ် နိုဝင်ဘာ ၁၃ ရက် နောက်ဆုံးထားတင်သွင်းရန် ဖိတ်ခေါ်ခဲ့သည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း၍ Public Private Partnership (PPP) အစီအစဉ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်း (YEX) Project Phace 1 အတွက် စိတ်ဝင်စားသော ရင်းနှီးမြှုပ်နှံသူများထံမှဆန်ခါတင် အရည်အသွေးပြည့်မီမှုလျှောက်လွှာ ၁၂ စောင်လက်ခံရရှိခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် တင်သွင်းလာသည့် ကုမ္ပဏီများအနက်မှ ဆန်ခါတင်အရည် အသွေးပြည့်မီသည့် ကုမ္ပဏီ ၁၀ ခု အမည်စာရင်းကိုထုတ်ပြန်ထားပြီး ယင်းကုမ္ပဏီ ၁၀ ခုတွင် ပြင်သစ်၊တရုတ်၊ကိုရီးယား၊ ဂျပန်၊ ထိုင်း၊ မြန်မာစသည့် ကုမ္ပဏီများပါဝင်လျက်ရှိပြီး အများစုမှာ တရုတ်ကုမ္ပဏီများ ဖြစ်သည်။
ဆန်ခါတင်အရည်အသွေး ပြည့်မီသူများမှ တင်သွင်းလာသည့် စီမံကိန်းအဆိုပြုလွှာများအနက်မှ အောင်မြင်သည့် ရင်းနှီးမြှုပ်နှံသူတစ်ဦးကို ရွေးချယ်မည်ဖြစ်ပြီး လာမည့်ဇွန်လတွင် ထုတ်ပြန်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။
ရန်ကုန်မြို့၏ ဆိုးရွားသည့်ယာဉ်ကြောပိတ်ဆို့မှုအား လျော့ကျစေရန်နှင့် အစိုးရ၏ ဦးစားပေးစီမံကိန်းများအနက် တစ်ခုအပါအဝင် ဖြစ်သည်။ ရန်ကုန်မိုးပျံအမြန်လမ်းမကြီးသည် ရန်ကုန်မြို့တွင်း၊ ရန်ကုန်ဆိပ်ကမ်း၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ မင်္ဂလာဒုံစက်မှုဇုန်နှင့် ရန်ကုန်-မန္တလေး အမြန်လမ်းများသို့ ပိုမိုလွယ်ကူစွာသွားလာနိုင် ရန်မျှော်မှန်းထားကြောင်း သိရသည်။
ရန်ကုန်မိုးပျံအမြန်လမ်းနှင့် ရန်ကုန်မြို့တော်အပြင် ပတ်လမ်းစီမံကိန်းနှင့်အတူပင် လယ်ကူးသင်္ဘောဆိပ်ကမ်းများ၊ Dry Ports အခြေပြုမြို့သစ်များနှင့် နိုင်ငံ၏ စီးပွားရေး စင်္ကြံလမ်းမကြီးတစ်ခုပေါ်ထွက်လာစေရန် ရည်ရွယ်ထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
ရန်ကုန်မိုးပျံအမြန်လမ်းနှင့်ရန်ကုန် မြို့တော်အပြင်ပတ်လမ်း စီမံကိန်းဦးဆောင် ကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကို အောက်တိုဘာ ၁၇ ရက်က နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးတွင် စီမံကိန်းအား Public Private Partnership (PPP) စနစ်ဖြင့်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့ပြဖွံ့ဖြိုးရေး၊ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး၊ ပင်လယ်ကူးသင်္ဘော ဆိပ်ကမ်းများ၊ Dry Ports အခြေပြုမြို့သစ်များနှင့် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများ အဆင်ပြေစေရန်နှင့် နိုင်ငံ၏ စီးပွားရေး စင်္ကြံလမ်းမကြီးတစ်ခုအဖြစ် ပေါ်ထွက်လာစေရန် ရည်ရွယ်ထားကြောင်း သိရသည်။
ရန်ကုန်မိုးပျံအမြန်လမ်းမကြီးသည် ရန်ကုန်မြို့တွင်း၊ ရန်ကုန်ဆိပ်ကမ်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ မင်္ဂလာဒုံ စက်မှုဇုန်နှင့် ရန်ကုန်-မန္တလေးအမြန်လမ်းများသို့ ပိုမိုလွယ်ကူစွာ သွားလာနိုင်ရန်မျှော်မှန်းထားကြောင်း သိရသည်။
Credit: Eleven Media Group