ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
ဗဟိုဘဏ်က ဒေါ်လာဈေးထိုးကျချိန် ဒီဇင်ဘာလ ၄ ရက်နေ့နှင့် ၅ ရက်နေ့ အတွင်းက ပြည်တွင်းဘဏ်အချို့ထံမှ အမေရိကန်ဒေါ်လာ အလုံးအရင်းနှင့် ဝယ်ယူခြင်းအပေါ် ပြည်တွင်းလုပ်ငန်းရှင်များက ဝေဖန်ခဲ့ကြသည်။
ယင်းသို့ဝယ်ယူခြင်းနှင့်ပတ်သက်၍ ငွေလဲလှယ်နှုန်းတည်ငြိမ်ရေး၊ ဒေါ်လာငွေ အရန်အင်အားတောင့်တင်းရေး၊ ဒေါ်လာလိုအပ်လာပါက ဗဟိုဘဏ်က ပြန်လည်ဖြည့်တင်းပေးနိုင်ရေးအတွက်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ အကြီးတန်း အရာရှိတစ်ဦးက The Voice Daily သို့ ဖြေရှင်းပြောကြားသည်။
ယင်းကဲ့သို့ ဒေါ်လာဝယ်ယူခြင်းမှာ ကောလာဟလများထွက်သကဲ့သို့ ဒေါ်လာဈေးမကျစေရန်နှင့် ဘဏ်အချို့ကို အကျိုးအမြတ်ရစေရန် ရည်ရွယ်ချက်များမရှိခဲ့ကြောင်း ၎င်းကရှင်းပြသည်။
“ရည်ရွယ်ချက်ကတော့ ကောင်းတဲ့ဘက်ကိုတွေးပြီး လုပ်ခဲ့တယ်။ ဒါပေမဲ့ ဖြစ်ပေါ်ခဲ့တဲ့အခြေအနေအရတော့ ဆုံးဖြတ်ခဲ့တာမမှန်ဘူးလို့ ဆိုနိုင်တယ်။ အဲဒီ (ဒီဇင်ဘာ ၄ ရက်)နေ့က ဈေးနှုန်းပြောင်းလဲမှုက ပုံမှန်မဟုတ်ဘူး။ အဲဒီလောက်အထိ ဈေးကျသွားမယ်လို့ ဘယ်သူတွက်ဆမိမလဲ။ ဒါကြောင့် အပြစ်တင်စရာတွေ ဖြစ်လာတာ။ ခြုံပြောရရင် ရောင်းခဲ့တဲ့သူတွေက ဗဟိုဘဏ်ထက် နှာတစ်ဖျားသာသွားတာလို့ ပြောချင်ပြောလို့ရပါတယ်။ အခုဟာက သင်ခန်းစာယူရမယ့်ကိစ္စပါ” ဟု ဗဟိုဘဏ် အကြီးတန်းအရာရှိက ပြောဆိုသည်။
ဗဟိုဘဏ်သည် ငွေလဲလှယ်နှုန်းတည်ငြိမ်ရေးကို ဆောင်ရွက်နေပြီး နောက်ပိုင်းတွင်လည်း ဒေါ်လာဈေးတက်လာပါက ဒေါ်လာထုတ်ရောင်းခြင်း၊ ဒေါ်လာဈေးကျဆင်းပါက ဒေါ်လာဝယ်ယူခြင်းတို့ကို ဆက်လက်ဆောင်ရွက်နေမည်သာဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံမှ သိရသည်။
ငွေကြေးဖောင်းပွမှုမဖြစ်စေရေးအတွက် စီးပွားရေးစနစ်ရှိ ငွေကြေးပမာဏသည် ရည်မှန်းချက်ထက်ကျော်လွန်နေပါက အပ်ငွေလေလံ (Deposit Auction) ခေါ်ယူပြီး ပိုလျှံသည့် ငွေကြေးပမာဏများကို နုတ်သိမ်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ဗဟိုဘဏ်ထံမှ သိရသည်။
ဒေါ်လာအလုံးအရင်းနှင့်ဝယ်ယူသည့် ဗဟိုဘဏ်၏လုပ်ရပ်သည် ပုဂ္ဂလိက ဘဏ်အချို့ကို နေ့တွင်းချင်းပင် ဘီလီယံနှင့်ချီသည့်အမြတ်များ ရရှိသွားစေကြောင်း၊ ပို့ကုန်လုပ်ငန်းရှင်များထံမှ တိုက်ရိုက်ဝယ်ယူပါကမူ နှစ်ဖက်အကျိုးရှိမည်ဖြစ်ကြောင်း၊ ဘဏ်အချို့မှာ အပြင်ဈေးကွက်တွင် ဈေးနှိမ်ဝယ်ယူပြီး ဗဟိုဘဏ်ပေါက်ဈေးနှင့် ပြန်ရောင်းခြင်းမှာ မဖြစ်သင့်ကြောင်း ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက ဝေဖန်ပြောကြားသည်။
ပုဂ္ဂလိကဘဏ်များသည် ယင်းကာလက ပို့ကုန်လုပ်ငန်းရှင်များထံမှ တစ်ဒေါ်လာလျှင် ၁၅၀၀/၁၅၁၅ ကျပ်နှင့် ဝယ်ယူပြီး ဗဟိုဘဏ်သို့ ၁၅၇၀ ကျပ်ဖြင့် ပြန်လည်ရောင်းချခြင်းဖြစ်ကြောင်း ဈေးကွက်ကိန်းဂဏန်းများအရ သိရသည်။
ဒေါ်လာဈေးသည် ပုံမှန်တက်၊ ပုံမှန်ကျ စသည့်အနေအထားတွင်သာရှိသင့်ပြီး အတက်အကျကြမ်းသည့်အချိန်တွင် အစိုးရပိုင်းက ဝင်ရောက်ထိန်းကျောင်းပေးသင့်ကြောင်း၊ ထိန်းပေးသည့်နေရာတွင် အခြေအနေနှင့်ကိုက်ညီမှသာ ဈေးကွက်အတွက် တည်ငြိမ်မည်ဖြစ်ကြောင်း ကမ္ဘောဇဘဏ်၏ အကြီးတန်းအကြံပေးအရာရှိ ဦးသန်းလွင်က ပြောဆိုသည်။
“ဒီလိုမျိုးလုပ်တယ်ဆိုတာ ပညာရှင်တွေက အခြေအနေကို ထိန်းထိန်းသိမ်းသိမ်းလုပ်ရတယ်။ မဟုတ်ရင် နိုင်ငံခြားက ပညာရှင်တွေကို ခေါ်ပြီးလုပ်သင့်တယ်”ဟု ၎င်းကဆိုသည်။
အမေရိကန်ဒေါ်လာဈေးသည် ဒီဇင်ဘာလ ၄ ရက်နေ့တွင် ရက်ပိုင်းအတွင်း တစ်ဒေါ်လာလျှင် မူလဈေးအောက်ကျပ် ၆၀ ခန့်ထိုးကျဆင်းခဲ့ပြီး ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များထံမှ နှစ်ရက်အတွင်း ဒေါ်လာ ၃၄ သန်းဖိုး ဝယ်ယူခဲ့ခြင်းဖြစ်သည်။
Credit: The Voice