ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
ဆစ်ဒနီအောက် အရေးပါမှုလျော့နည်းအားပျော့လေ့ရှိသည့် မဲလ်ဘုန်းသည် ရင်းနှီးမြှုပ်နှံမှုအလားအလာနှင့် ဖွံ့ဖြိုးတိုးတက်မှုအလားအလာနှစ်ရပ်စလုံးအတွက် အာရှပစိဖိတ်တွင် နံပါတ် ၁ မြို့အဖြစ် ယခုနှစ်တွင် ဆစ်ဒနီကိုကျော်တက်ခဲ့ကြောင်း ၂၀၁၉ ခုနှစ် အာရှပစိဖိတ်အိမ်ခြံမြေရပ်ဝန်းမှ အလားအလာများအစီအရင်ခံစာအရ သိရသည်။
၎င်းနှစ်ပတ်လည်အိမ်ခြံမြေခန့်မှန်းချက်အား Urban Land Institute (ULI) နှင့် PricewaterhouseCoopers တို့မှ ပူးပေါင်းထုတ်ပြန်ခြင်းဖြစ်သည်။ မဲလ်ဘုန်း၏ ကျဉ်းမြောင်းသော ရုံးခန်းရောင်းလိုအားလမ်းကြောင်းနှင့် အငှားဈေးကွက်ဖွံ့ဖြိုးမှုအလားအလာသင့်တင့်မှုတို့နှင့်ပတ်သက်၍ အစီရင်ခံစာက ချီးကျူးခဲ့သည်။
ဆစ်ဒနီကမူ ယမန်နှစ်စာရင်း၌ ထိပ်ဆုံးမှ ရပ်တည်ခဲ့ရာမှ ယခုနှစ်စာရင်းတွင် တတိယနေရာသို့ ကျဆင်းခဲ့သည်။ ဆစ်ဒနီသည် အကျိုးအမြတ်ခံစားရမှုမြင့်မားမှုနှင့်လုံခြုံစိတ်ချရသောရင်းနှီးမြှုပ်နှံမှုနေရာဖြစ်ခြင်းတို့ကြောင့် ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှုများအကြား သည်းခြေကြိုက်ဈေးကွက်တစ်ခုဖြစ်သည်။ လစ်လပ်နေရာနည်းပါးမှု နှင့် ငှားလိုအားမြင့်တက်နေမှုတို့က ငှားရမ်းခဈေးနှုန်းများ ဆက်လက်မြင့်တက်မည်ဖြစ်ကြောင်း ညွှန်ပြလိုက်သည်။
စင်္ကာပူသည် ရင်းနှီးမြှုပ်နှံမှုအလားအလာတွင် နံပါတ် ၂ နေရာ၌ ဖော်ပြခံခဲ့ရသော်လည်း ဖွံ့ဖြိုးတိုးတက်မှုအလားအလာတွင် အဆင့် ၈ သာ ရရှိခဲ့သည်။
"စင်္ကာပူဟာ မနှစ်ကစာရင်းမှာ အောက်ခြေမှာ ရှိခဲ့ရာကနေ ဒီနှစ်မှာ နံပါတ် ၂ နေရာကို တက်လှမ်းလာခဲ့ခြင်းပဲ ဖြစ်ပါတယ်" ဟု သုတေသီများက စင်္ကာပူအား အမွှမ်းတင်ခဲ့ကြသည်။
ULI နှင့် PwC တို့က ရင်းနှီးမြှုပ်နှံသူများ၊ developer များ (မြေယာဝယ်ယူ၍ အဆောက်အအုံဆောက်လုပ်ရောင်းချသူများ)၊ အိမ်ခြံမြေကုမ္ပဏီကိုယ်စားလှယ်တော်များ၊ ပွဲစားများနှင့် အတိုင်ပင်ခံများအပါအဝင် အိမ်ခြံမြေရေးရာကျွမ်းကျင်ပညာရှင်များထံမှ ကောက်ယူရရှိသော စစ်တမ်း ၃၅၀ ကျော်ကို အခြေခံကာ ၎င်းစာရင်းအား ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
တိုကျိုနှင့် အိုဆာကာတို့သည်လည်း ၂၀၁၉ ခုနှစ်အတွက်အားကောင်းသော အလားအလာများပြခဲ့ကြသည်။ တိုကျိုသည် ရင်းနှီးမြှုပ်နှံမှုအလားအလာတွင် အဆင့် ၄ ၌ ဖော်ပြခံခဲ့ရပြီး ဖွံ့ဖြိုးတိုးတက်မှုအလားအလာတွင်လည်း အဆင့် ၄ ၌ ဖော်ပြခံခဲ့ရသည်။ ယင်းက တိုကျိုသည် အဖွဲ့အစည်းဆိုင်ရာ ဝယ်လက်များအကြား ရေပန်းစားဆဲဖြစ်သည်ကို ညွှန်ပြခြင်းဖြစ်သည်။ အိုဆာကာက ရင်းနှီးမြှုပ်နှံမှုတွင် နံပါတ် ၅ နေရာ၌ ဖော်ပြခံခဲ့ရသော်လည်း ဖွံ့ဖြိုးတိုးတက်မှုတွင် နံပါတ် ၆ နေရာ၌ ဖော်ပြခံခဲ့ရကြောင်း သိရသည်။
Credit : Propertyreport