ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်အခြေစိုက် သုတေသနကုမ္ပဏီ Moody's Corporation ၏ တွေ့ရှိချက်အရ အိမ်ခြံမြေကဏ္ဍ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ချေးငွေမှာ တောင်ကိုရီးယား၊ မလေးရှား၊ သြစတေးလျနှင့် နယူးဇီလန်ရှိဘဏ်များအတွက် အကြီးမားဆုံး အန္တရာယ်တစ်ခုဖြစ်လာနေကြောင်း တွေ့ရှိသည်ဟု ဆိုသည်။
အာရှ- ပစိဖိတ်ဒေသတွင် အိမ်ခြံမြေဈေးနှုန်းများ ကျဆင်းခြင်း (သို့မဟုတ်) ဖွံ့ဖြိုးမှုနှေးကွေးခြင်းတို့ကြောင့် ဘဏ်များတွင် အိမ်ခြံမြေနှင့် ဆက်နွှယ်သော အန္တရာယ်ကြုံတွေ့လာရခြင်းဖြစ်သည်ဟု Moody's က ဆိုသည်။
လာမည့် ၁၂ လတာ ကာလအတွင်း အာရှ-ပစိဖိတ်ဒေသကြီးရှိ ဘဏ်များမှာ တည်ငြိမ်မှုရှိနေမည်ဖြစ်သော်လည်း လည်ပတ်ရသည့် အခြေအနေများမှာမူ စိန်ခေါ်မှုများ ပိုမိုရင်ဆိုင်လာရမည်ဟု ခန့်မှန်းထားသည်။
အဆိုပါအချက်များကို Moody's ၏ လက်ထောက်ဥက္ကဌ ယူဂျင်း တာဇီမာနော့ဗ် ရေးသားသည့် အစီရင်ခံစာ "Banks - Asia Pacific: 2019 outlook” အတွင်း ဖော်ပြထားခြင်းဖြစ်သည်။
“အာရှ ဘဏ္ဍာရေးဈေးကွက်များတွင်း သွင်းအားစုအရင်းအနှီးများ စီးဝင်ခြင်း၊ စီးထွက်ခြင်းတို့ ခန်းခြောက်သွားခဲ့ပြီဖြစ်ပြီး အမေရိကန်ဒေါ်လာ ငွေဖြစ်လွယ်မှုမှာလည်း ပိုမိုကျပ်တည်းလာလျက်ရှိရာ ကုမ္ပဏီတို့၏ အကြွေးပြန်လည်ပေးဆပ်နိုင်စွမ်းအပေါ် ဆိုးကျိုးများ သက်ရောက်လာနိုင်နေသည်”ဟုလည်း ဖော်ပြထားသည်။
သို့ရာတွင် ဘဏ်များသည် အဆိုပါအန္တရာယ်များကို ကာကွယ်နိုင်ကြလိမ့်မည်ဟုလည်း ဆိုသည်။
တာဇီမာနော့ဗ်က ပြောကြားရာတွင် ကျန်းမာရေးကောင်းမွန်နေဆဲဖြစ်သော စီးပွားရေးအခြေခံကောင်းများကြောင့် ၂၀၁၉ ခုနှစ်အတွင်း ဘဏ်တို့၏ ငွေကြေးဆိုင်ရာ ယုံကြည်စိတ်ချရမှုမှာ တည်ငြိမ်နေမည်ဖြစ်ကြောင်း ပြောကြားသည်။
အထူးသဖြင့် Moody's ၏ အစီရင်ခံစာက သုံးသပ်ခဲ့သည်မှာ ဘဏ်တို့၏ အရင်းအနှီးနှင့် အမြတ်အစွန်းမှာ ဆုံးရှုံးမှုများကို လုံလုံလောက်လောက် ထေမိမည်ဖြစ်သည့်အပြင် ဘဏ္ဍာငွေနှင့် ငွေဖြစ်လွယ်မှုတို့မှာလည်း တည်ငြိမ်နေဦးမည်ဖြစ်ကြောင်း သုံးသပ်ထားသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)