ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
မန္တလေးတိုင်းဒေသကြီး ပြည်တွင်းအခွန်များဦးစီးဌာနမှ ရွှေဆိုင်များနှင့် လုပ်ငန်းရှင်များအား တွေ့ဆုံ၍ ရွှေထည်ပစ္စည်းများ ရောင်းချရာတွင် ကုန်သွယ်ခွန်နင့် ပတ်သက်သည့် အခွန်အမှတ်တံဆိပ်များ ကပ်ရောင်းချမှုမှ ၁ ရာခိုင်နှုန်း ကောက်ခံရရှိမှုမှာ ထက်ဝက်ကျော် လျော့နည်းသွားခြင်းကြောင့် အခွန်အမှတ်တံဆိပ်များကပ်၍ မှန်ကန်စွာရောင်း ချပေးရန် ဒီဇင်ဘာ ၆ ရက် နံနက် ၁၀ နာရီက အဆိုပါရုံးခန်းမတွင် တွေ့ဆုံညှနှိုင်းခဲ့ကြောင်း သိရသည်။
ရွှေထည်များရောင်းချနေရာတွင် ၂၀၁၇-၁၈ ဘဏ္ဍာနစ်၌ မန္တလေးတိုင်းအတွင်း အခွန်ပြေစာအမှတ်တံဆိပ်များမှ ရရှိငွေကျပ် ၇၅၉ သန်းပေါင်း၊၂၀၁၈ ဧပြီ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်ထိ ငွေကျပ် ၃၅၃ သန်းသာ ရှိတဲ့ အတွက် သန်းပေါင်း ၄၀၅ သန်း(ထက်ဝက်ကျော့်)လျော့နည်းသွားခဲ့သည်။
“အရင်နှစ်တွေက သဘာဝဘေး၊ ဆင်းရဲနွမ်းပါး လျှော့ချရေးမှာ ပြည်ထောင်စုက ချထားပေးခဲ့ရာက၂၀၁၈ မှစပြီး ကိုယ့်တိုင်းအတွင်းက ရတာလေးနဲ့လုပ်ရတာဖြစ်ပါတယ်။ လုံခြုံရေးအတွက် ကစလို့ သုံးစွဲနေရတယ်။ ဘဏ္ဍာငွေစီမံခန့်ခွဲမှုမှာ ရသင့်ရထိုက်တဲ့ အခွန်အခတွေ အများကြီးလစ်ဟင်းနေတာ တွေ့ရတယ်။ လုပ်ငန်းရှင် များရဲ့ ပံ့ပိုးကူညီမှုတွေ မှန်မှန်ကန်ကန် အခွန်ထမ်းဆောင်မှုတွေ နဲ့ တိုင်းအတွင်းက အမိုးအကာမလုံတဲ့ စာသင် ကျောင်းတွေ လမ်းတွေ တည်ဆောက်ဖို့ပါ။”ဟုတိုင်းဒေသကြီး စီမံ/ဘဏ္ဍာဝန်ကြီး ဦးမြတ်သူကပြောသည်။
မန္တလေးတိုင်းအတွင်း အခွန်ကောက်ရရှိမှုများတွင် ပြည်တွင်းအခွန်မှ ကောက်ခံရရှိမှုသည် အရေးပါသည့် အသုံးစရိတ်ဖြစ်၍ အခွန်ထမ်းပြည်သူများကလည်း အသိတရားနှင့် စေတနာဖြင့် အခွန်ထမ်း ဆောင်ကြ သည် ဟု သုံးသပ်လိုပြီး ကျန်းမာရေး ပညာရေး လုံခြုံရေး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပြည်ထောင်စုမှ ထောက်ပံ့သည့် ဘတ်ဂျက်ဖြင့် မျှဝေသုံးစွဲလျက်ရှိကာ အခွန်ငွေများကို တိုင်းအစိုးရမှ အလေအလွင့်မရှိ ထိရောက်စွာ သုံးစွဲသွားမည်ဟု ဆက်လက်ပြောကြားခဲ့သည်။
“အခွန်ပြေစာအမှတ်တံဆိပ် ထက်ဝက်လျော့သွားလို့ ရွှေဆိုင်တွေမှာ မရောင်းရလို့လား။ ဒါပေမယ့် နေ့စဉ်နဲ့ အမျှရောင်းနေကြတာတွေ့ရတယ်။ ဒါဆို ပြေစာအမှတ်တံဆိပ် မကပ်လို့လားဆိုတာကတော့ ရွှေလုပ်ငန်းရှင် တွေ သိမှာပါ။ အခါအားလျော်စွာ ကွင်းဆင်းစစ်ဆေးတဲ့အခါ မိတဲ့ဆိုင်လည်း ရှိပါတယ်။ အခွန်အမှတ်တံဆိပ်တွေ တစ်ဝက်လောက် လျော့သွားတော့ အခွန်ငွေ တစ်ဝက်လောက်လျော့သွားမှာပါ။”ဟု မန္တလေးတိုင်း ဒေသကြီး ပြည်တွင်းအခွန်များဦးစီးဌာနမှူးကပြောသည်။
ပြည်တွင်းအခွန်များ ဦးစီးဌာနအနေဖြင့် အခွန် ၅ မျိုးကောက်ခံလျက်ရှိရာ ကောက်ခံရရှိမှုမှ တိုင်းဒေသကြီး ဘတ်ဂျက်သို့ ၂၀၁၇ -၁၈ ဘဏ္ဍာနှစ်တွင် ၁၆ ဘီလီယံနှင့် ၂၀၁၈ မီနီဘတ်ဂျက်ကာလ(၂၀၁၈ ဧပြီမှ စက်တင် ဘာ ၃၀)ထိ တွင်၆ ဘီလီယံကျော်ကို ပေးသွင်းနိုင်ခဲ့ပြီး ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွက် အခွန် ကောက်ခံမှု လျာထားချက် ပြည့်မှီရေးကိုလည်း လုပ်ဆောင်နေသည်ဟု ဆိုသည်။
“မန္တလေးခရိုင်အတွင်း ရွှေဆိုင်တွေမှာ တစ်ရက်တာ ကွင်းဆင်းစစ်ဆေးကြည့်တော့ ညနေ ၂ နာရီကနေ ၄ နာရီအတွင်း ရောင်းချတာက သိန်း ၃၀ဝ လောက်ရောင်းရတဲ့ ဆိုင်ကများပြီးအနည်းဆုံး ၁၀ သိန်းအထက် ရောင်းရတဲ့ဆိုင် ၅ သိန်းလောက်ရောင်းရတဲ့ ဆိုင်ကနည်းတယ်။ လုပ်ငန်းရှင်တွေကလည်း ကိုယ့် ဝန်ထမ်း တွေကို နားလည်အောင်ရှင်းပြပေးပါ။မှန်ကန်စွာ ကပ်ပေးပါ။အခွန်တံဆိပ် ကောက်ခံတာ လျော့နည်းသွားရင် ဝင်ငွေခွန်မှာလည်း လျော့နည်းသွားမှာပါ။ ပူးပေါင်းပါဝင်ကြဖို့ ရှင်းပြတာပါ။”ဟု ဆက်လက်ပြောကြားသည်။ မန္တလေးတိုင်းဒေသကြီးရွေလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးတင်ထွန်းကလည်း ”ရွှေဆိုင်တွေမှာ ခေတ်ကာလ အခြေအနေအရ အရောင်းအဝယ်ပါးနေတယ်။စီးပွားရေးမကောင်းကြလို့ လာရောင်းတဲ့သူက များနေတာပါ။ ကိုယ်က ရွှေထည်ရောင်းရမှ ၁ ရာခိုင်နှုန်းကောက်ရတာဆိုတော့ မရောင်းရတဲ့အတွက် ခုလို နည်းသွားတာ ပါ။အများအားဖြင့် အခွန်ပြေစာကပ်ပြီးရောင်းကြတာပါ”ဟု ရှင်းလင်းပြောကြားသည်။
ရွှေဆိုင်များမှ ကောက်ခံရရှိသော ကုန်သွယ်ခွန်မှာ ၆ လတာ နှိုင်းယှဉ်ပါက၂၀၁၇-၁၈ ဘဏ္ဍာ နှစ်တွင် မှာ ၅၆၉ သန်းရရှိပြီး ၂၀၁၈ ဧပြီမှ စက်တင်ဘာလကုန်ထိ ၃၅၄ သန်းရရှိခဲ့သဖြင့် ၄င်းစာရင်းများအရ ငွေကျပ်၂၁၅ သန်းလောက်လျော့နည်းနေကြောင်း၊ဌာနအနေဖြင့် မြို့နယ်အသီးသီးမှ ရရှိသော အချက်အလက်များကို ရုံးချုပ်ကို တင်ပြရပြီး ရုံးချုပ်ကလည်း လျော့နည်းမှုများကို စီစစ်ရန် ညွန်ကြားကြောင်းသိရသည်။
အဆိုပါ ရွှေလုပ်ငန်းရှင်များနှင့် တွေ့ဆုံပညာပေးပွဲတွင် မန္တလေးတိုင်းဒေသကြီး စီမံ/ဘဏ္ဍာဝန်ကြီး ဦးမြတ်သူ၊ တိုင်းဒေသကြီး ပြည်တွင်းအခွန်များ ဦးစီးဌာနမှူး ညွန်ကြားရေးမှူး၊ လက်ထောက် တို့နှင့်အတူ အခွန်ဌာန တာဝန်ရှိသူများ၊ ရွှေလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
Credit: The Myanmar Times