ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
စင်ကာပူနိုင်ငံအခြေစိုက် DBS ဘဏ်နှင့် ပြည်တွင်း ဧရာဝတီဘဏ်တို့သည် Strategic Partnership အဖြစ် ပူးပေါင်းဆောင်ရွက်လိုက်ပြီဖြစ်ခြင်းကြောင့် ယင်းစင်ကာပူဘဏ်မှ ပြည်တွင်း မည်သည့်ဘဏ်စာရင်းကိုမဆို ဧရာဝတီဘဏ်မှတစ်ဆင့် တိုက်ရိုက်ငွေလွှဲဝန်ဆောင်မှု (DBS to AYA Remit) များ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ဧရာဝတီဘဏ်ထံမှ သိရသည်။
အဆိုပါဝန်ဆောင်မှုကို DBS Bank/ POSB ဘဏ်အကောင့်များဖြင့် ဧရာဝတီဘဏ်ငွေစာရင်းသို့ တိုက်ရိုက်ငွေလွှဲနိုင်မည်ဖြစ်ပြီး အခြားပြည်တွင်းဘဏ်များ၏ စာရင်းများသို့ လွှဲပြောင်းမည်ဆိုပါက ဧရာဝတီဘဏ်က Settlement ဘဏ်အနေနှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧရာဝတီဘဏ်ထံမှ သိရသည်။
ယင်းငွေလွှဲဝန်ဆောင်မှုသည် စင်ကာပူနိုင်ငံတွင် အလုပ်သွားရောက်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများအနေနှင့် မြန်မာနိုင်ငံရှိ မိမိ၏ မိသားစုများထံသို့ လွယ်လွယ်ကူကူ ငွေလွှဲနိုင်စေရန်အတွက် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဧရာဝတီဘဏ်၏ Corporate Banking ဌာနမှ ဒုတိယဥက္ကဋ္ဌ ဦးဖုန်းသက်ဦးက ပြောကြားသည်။
“ဒီဝန်ဆောင်မှုက ကုမ္ပဏီတွေတော့ သုံးလို့မရဘူးဗျ။ တစ်ဦးချင်းအသုံးပြုသူ (individual) တွေပဲ အသုံးပြုလို့ရမယ်။ ငွေပမာဏက အများဆုံး အမေရိကန်ဒေါ်လာ တစ်သောင်းအထိ လွှဲလို့ရမယ်” ဟု ၎င်းကဆိုသည်။
အဆိုပါ Ya Lar! (DBS To AYA Remit) တိုက်ရိုက်ငွေလွှဲဝန်ဆောင်မှုတွင် စင်ကာပူရှိ DBS ဘဏ်မှ ဧရာဝတီဘဏ် ငွေစာရင်းထဲသို့ ငွေလွှဲလက်ခံမည်ဆိုပါက အမေရိကန်ဒေါ်လာ ၅ ဒေါ်လာပေးဆောင်ရမည်ဖြစ်ပြီး ပြည်တွင်းရှိ အခြားဘဏ်များ၏ ငွေစာရင်းသို့ ငွေလွှဲထုတ်ယူပါက အမေရိကန်ဒေါ်လာ ၇ ဒေါ်လာနှင့် အဆိုပါ ဘဏ်များက သတ်မှတ်ထားသော ပြည်တွင်းငွေလွှဲခနှုန်းထားများအတိုင်း ပေးဆောင်ရမည်ဖြစ်သည်။
Credit: The Voice