ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့ အုပ်ချုပ်ရေးအဖွဲ့သည် အငှားအိမ်ခန်းများ ပိုမိုပေါ်ထွက်လာစေရန် ရည်ရွယ်ကာ စတုရန်းမီတာ ၂ သိန်းကျော် ဆောက်လုပ်မှုများ ပြုလုပ်နိုင်မည့် မြေနေရာ ၃ ခုကို တင်ဒါခေါ်ယူ ရောင်းချပေးရန် စီစဉ်လျက်ရှိကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
တရုတ်ပြည်ရှိ မြို့ကြီးများတွင် အငှားအိမ်ရာဖြည့်တင်းပေးနိုင်မှုကို မြှင့်တင်ပေးနိုင်ရန် ဗဟိုအစိုးရက ဆုံးဖြတ်ထားသည်။
ယခုမြေနေရာ ၃ ခုတွင် အနည်းဆုံး လူနေခန်းပေါင်း ၃၂၀၀ ခန့် ဆောက်လုပ်နိုင်မည်ဖြစ်ပြီး အငှားအိမ်ရာအဖြစ် ဆောက်လုပ်သွားမည်ဟု ဆိုသည်။
ရှန်ဟိုင်းတွင် ယခုနှစ်အတွင်း လူနေစီမံကိန်းအဖြစ် အကောင်အထည်ဖော်ခဲ့သော မြေနေရာ ၂၉ ခုရှိပြီး စီမံကိန်း အများဆုံးနေရာမှာ ရှန်ဟိုင်းမြို့၊ ရှုဟွေခရိုင်တွင်ဖြစ်ကာ စီမံကိန်းကြီး ၇ ခု တည်ရှိသည်။
ယခုရောင်းချမည့် မြေကွက် ၃ ခုအနက် အကြီးမားဆုံးမှာ ရှန်ဟိုင်းမြို့တောင်ပိုင်း၊ ပူဒေါင်ခရိုင်တွင် တည်ရှိသည်။
အဆိုပါမြေကွက်၏ အကျယ်အဝန်းမှာ စတုရန်းမီတာ ၅၂၉၄၄ ရှိပြီး အနိမ့်ဆုံးကြမ်းခင်းလေလံဈေးမှာ ယွမ်ငွေ ၃၃ ဒသမ ၉ သန်းဖြစ်ရာ စတုရန်းတစ်မီတာလျှင် ယွမ်ငွေ ၃၂၀၁ ကျသင့်ခြင်း ဖြစ်သည်။
ယင်းမြေနေရာ၌ အငှားလူနေခန်းပေါင်း ၂၆၄၇ ခန်း ဆောက်လုပ်နိုင်မည်ဟု ဆိုသည်။
အခြားမြေကွက် ၂ ခုမှာ ဘောင်ရှန်းခရိုင်နှင့် ပူတောင်းခရိုင်တို့တွင် တည်ရှိသည်။
ဘောင်ရှန်းခရိုင်ရှိ မြေကွက်အကျယ်အဝန်းမှာ စတုရန်းမီတာ ၂၉၆၁၁ ရှိပြီး လေလံကြမ်းခင်းဈေးမှာ ယွမ် ၄၀ ဒသမ ၄၂ သန်းဖြစ်ပြီး စတုရန်းတစ်မီတာလျှင် ကြမ်းခင်းဈေး ယွမ်ငွေ ၇၅၄၉ ဖြင့် လေလံတင်ခဲ့ခြင်းဖြစ်သည်။
ပူတောင်းခရိုင်ရှိ မြေကွက်မှာမူ စတုရန်းမီတာ ၂၇၃၂၀ ကျယ်ယန်းပြီး အနိမ့်ဆုံးကြမ်းခင်းဈေးမှာ ယွမ်ငွေ ၄၆ ဒသမ ၅၅ သန်းဖြစ်သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)