ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
မြန်မာနိုင်ငံ၏ဆောက်လုပ်ရေးလုပ်ငန်းများတွင် Precast နည်းပညာကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာနိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ဒီဇင်ဘာ ၄ ရက် နေ့နံနက်ပိုင်းက ကန်သာယာစင်တာရှိ ၊ WYNDHAM GRAND YANGON ဟိုတယ်တွင် ကျင်းပခဲ့သည်။
မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ တာဝန်ရှိသူများ၊Myanmar AGTI Society မှ အင်ဂျင်နီယာများ၊Dagon Han Thar ကုမ္ပဏီတာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ COOL WALL Precast မှ တာဝန်ရှိသူများနှင့် အင်ဂျင်နီယာများ တက်ရောက်ဆွေးနွေးကြသည်။
Precast နည်းပညာသည် နိုင်ငံတကာတွင် ကျယ်ပြန့်စွာ အသုံးပြုလာသည်မှာ နှစ်ပေါင်း ၅၀ ကျော်ခန့်ကြာမြင့်နေပြီ ဖြစ်သော်လည်း မြန်မာနိုင်ငံတွင်ဆောက်လုပ်ရေးလုပ်ငန်းများတွင် အသုံးပြုမှု နည်းပါးနေသေးကြောင်း ၊ Precast နည်းပညာ ကျယ်ပြန့်စွာ အသုံးပြုနိုင်ရန် ယခုကဲ့သို့ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရခြင်း ဖြစ်သည်ဟု ဆိုသည်။
'' Precast ရဲ့ အားသာချက်တွေက တည်ဆောက်တဲ့ အချိန်အရမ်းမြန်တယ်။လုပ်ရုံးလုပ်စဉ် ကွန်ကရစ် လောင်းတာတွေမှာ အရည်အသွေးပိုင်းမှာ အကြောင်းအမျိုးမျိုးကြောင့် စိတ်ချရမှု အားနည်းနိုင်ပေမယ့် Precast နည်းပညာနဲ့ ကျတော့ လိုအပ်တဲ့ အစိတ်အပိုင်းတွေကို စက်ရုံက နေထုတ်လုပ်ပေးတာ ဖြစ်တဲ့ အတွက် ကိုယ်လိုချင်တဲ့အရည်အသွေးပိုင်း စိတ်ကြိုက်ရနိုင်တယ်။''ဟု Dagon Han Thar ကုမ္ပဏီဒါရိုက်တာ ဦးကျော်ကျော်စိုးက မီဒီယာများသို့ ပြောကြားသည်။
အချိန်နှင့် ငွေကြေးကုန်ကျမှု သက်သာခြင်း ၊ မိမိလိုချင်သည့် အတိုင်းအတာအလျောက်မှာကြားကာ စက်ရုံမှ ထုတ်လုပ်တပ်ဆင်နိုင်ခြင်း၊ သစ်သားလိုအပ်ချက်ကို လျှော့ချနိုင်ခြင်း ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနည်းပါးခြင်း စသည့် အားသာချက်များရှိသလို အရည်အသွေးပိုင်းအရလည်း စိတ်ချယုံကြည်ရသည့် အားသာချက်များရှိသည်ဟု ဆိုသည်။
ဆွေးနွေးပွဲတွင် Precast နည်းပညာဖြင့် ငလျင်ဒဏ်နှင့် လေတိုက်နှုန်း ဒဏ်ခံနိုင်ရည်မည်သို့ တည်ဆောက်နိုင်ကြောင်း အတွေ့အကြုံရှိသော အင်ဂျင်နီယာပညာရှင်များ ဝိုင်းဝန်းဆွေးနွေးရခြင်းဖြစ်သည်ဟု သိရသည်။
AIT (Asian Institute of Technology ) မှ ပညာရှင်များ ပါမောက္ခများလည်း လာရောက်ဆွေးနွေးခဲ့ကြသည်။ ယခုနည်းပညာသည် မြန်မာနိုင်ငံတွင် အလွန်လိုအပ်နေသော နည်းပညာတစ်ခု ဖြစ်ကာ နိုင်ငံတကာတွင် ကျယ်ပြန့်စွာ အသုံးပြုနေသောစနစ်ဖြစ်၍ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ကြောင်း Dagon Han Thar ကုမ္ပဏီ မှ ဒါရိုက်တာ ဦးကျော်ကျော်စိုးက ပြောသည်။
Credit: The Myanmar Times