ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
တရုတ်ပြည်တွင် လူမှုဆက်ဆံရေး အမှတ်ပေးစနစ် Social Credit System ကို စတင်အကောင်အထည်ဖော်လျက်ရှိနေပြီး ရမှတ်နိမ့်သူများမှာ နေအိမ်ဝယ်ယူခွင့်၊ ကြယ်အဆင့်သတ်မှတ်ထားသည့် ဟိုတယ်များတွင် တည်းခိုခွင့် ရရှိမည်မဟုတ်ဟုဆိုသည်။
အဆိုပါစနစ်ကို မြို့ကြီးအချို့တွင် ၂၀၁၇ ခုနှစ်ခန့်ကတည်းက စတင်စမ်းသပ်နေခဲ့ခြင်းလည်းဖြစ်သည်။
(လူမှုဆက်ဆံရေး အမှတ်ပေးစနစ် Social Credit System ၏ အချက်အလက်များ)
စတင်စမ်းသပ်သောနေရာ- တရုတ်ပြည်အရှေ့ပိုင်း ဇီကျန်းပြည်နယ်၊ ယီဝူမြို့
လူဦးရေ- ၁ ဒသမ ၂၈ သန်း
အမှတ်ပေးပုံ- ရမှတ် ၀ မှ ၂၀၀ အထိဖြစ်
ရမှတ် ၀ မှ ၅၀ အကြား ရမှတ်နည်းပါးစွာရရှိသူတို့အတွက်ပြစ်ဒဏ်- ကြယ်ပွင့်အဆင့် သတ်မှတ်ထားသည့် ဟိုတယ်များတွင် တည်းခိုခွင့်၊ အိမ်ခြံမြေ၊ ဇိမ်ခံကား ဝယ်ယူခွင့်၊ နာမည်ကြီးစာသင်ကျောင်းများသို့ ကလေးများကို တက်ရောက်စေခွင့်များ ပိတ်ပင်ခံရမည်ဖြစ်
ရမှတ် ၁၅၀ မှ ၂၀၀ ကြားရရှိသူတို့အတွက် ဆုလာဒ်- အများပြည်သူဆိုင်ရာ လမ်းမတိုးလ်ဂိတ်များတွင် ဈေးနှုန်းလျှော့ပေးခြင်း၊ စာသင်ကျောင်းများဝင်ခွင့် ဦးစားပေးခြင်း၊ ငွေကြေးအထောက်အကူပေးခြင်း
အယူခံခွင့် ရှိ၊ မရှိ- ရှိပါသည်။ အချက်အလက်များကို အများပြည်သူသို့ ထုတ်ပြန်ပြီးနောက် ၁၅ ရက်အတွင်း အယူခံဝင်ခွင့်ရှိသည်။
နိုင်ငံခြားသားများ ပါဝင်ခြင်း ရှိ၊ မရှိ- ပါဝင်ပါသည်။ ရမှတ်နည်းပါးပါက ဗီဇာနှင့် အလုပ်လုပ်ကိုင်ခွင့် ပါမစ်တို့အတွက် အဟန့်အတားဖြစ်လာမည်ဖြစ်သည်
အမှတ်ကောင်းရစေမည့် နည်းလမ်းများ- လုပ်အားပေးခြင်း၊ သွေးလှူခြင်း၊ အသက်မွေးဝမ်းကြောင်းကဏ္ဍတွင် ကျင့်ဝတ်ကောင်းများရှိခြင်း၊ လူကြီးသူမများကို ထောက်ပံ့ပေးခြင်းကဲ့သို့ မိသားစုအတွင်း အလေ့အကျင့်ကောင်းများရှိခြင်း၊ အများပြည်သူပိုင်ပစ္စည်းများကို စောင့်ရှောက်ကာကွယ်ခြင်းနှင့် မတော်တဆဖြစ်ရပ်များ ကြိုတင်ကာကွယ်ခြင်းများကဲ့သို့ လူ့ကျင့်ဝတ်များ ရှိခြင်း
အမှတ်လျော့မည့် အချက်များ- အခွန်ရှောင်လွှဲခြင်း၊ အစားအသောက်လုံခြုံရေးဆိုင်ရာ မတော်တဆဖြစ်ရပ်များ ဖြစ်စေခြင်း၊ အစိုးရအား လစဉ်ပေးဆောင်ရမည့် ရေဖိုး၊ မီးဖိုးအစရှိသည်များ ပေးဆောင်ရန် ပျက်ကွက်ခြင်း၊ နေအိမ်တွင်း အနိုင်ကျင့် အကြမ်းဖက်ခြင်း၊ အွန်လိုင်းတွင် လိမ်လည်မှု ပြုလုပ်ခြင်း၊ အတုလုပ်ခြင်း၊ အခြားသူတို့၏ အနုပညာလက်ရာများ-စိတ်ကူးစိတ်သန်းများကို ခိုးယူခြင်း၊ ပါတီစည်းမျဉ်းများ ဖောက်ဖျက်ခြင်း (ကွန်မြူနစ်ပါတီဝင်များကို ဆိုလိုဟန်ရှိသည်)၊ ယာဉ်စည်းကမ်းချိုးဖောက်ခြင်း၊ မရိုးသားသည့် လုပ်ရပ်များပြုမူခြင်း
တရုတ်အစိုးရသည် အဆိုပါစီမံကိန်းကို အကောင်အထည်ဖော်ရန်အတွက် National Credit Information Sharing Platform အမည်ရှိ စနစ်တစ်ရပ်ကို ဖော်ဆောင်ကာ ပြည်နယ်နှင့် ဗဟိုအစိုးရအကြား ချိတ်ဆက်ဆောင်ရွက်သွားမည် ဖြစ်သည်။
ထို့အပြင် စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူများနှင့် မီးနီဖြတ်မောင်းသော ဆိုင်ကယ်သမားများကို ဖော်ထုတ်နိုင်ရန်အတွက် မျက်နှာပုံဖော် မှတ်မိသိရှိခြင်း facial-recognition နည်းပညာကို အသုံးပြုနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။
ယခုစနစ်ကို အကောင်အထည်ဖော်ခြင်း၏ ပဓာနအကျဆုံး ရည်ရွယ်ချက်မှာ ပြည်သူပြည်သားများအနေဖြင့် ဥပဒေကို လေးစား လိုက်နာကြစေရန် ဖြစ်သည်ဟု ဆိုသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)