ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
သာကေတမြို့နယ်အတွင်းက သမဝါယမပိုင်အဆောက်အအုံတွေမှာ အကျိုးတူငှားရမ်းထားတဲ့ အခန်းပေါင်း (၂၀၈)ခန်း ရှိတယ်လို့ ရန်ကုန်တိုင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက ပြောပါတယ်။
သာကေတမြို့နယ်မှာ မြို့နယ်သမဝါယမအသင်းစု တစ်သင်း၊ အခြေခံသမဝါယမ အသင်း (၅၉)သင်း၊ စုစုပေါင်း (၆၀)သင်း ရှိပါတယ်။ သမဝါယမအသင်းတွေက ပိုင်ဆိုင်တဲ့ ရင်းနှီးပစ္စည်းတွေဖြစ်တဲ့ မြေ (၆၁)ကွက်၊ အသင်းပိုင်အဆောက်အအုံ (၆၉)လုံး၊ သမဝါယမပိုင်မြေပေါ်မှာ မြေငှားပြီး ပုဂ္ဂလိကပိုင်အဆောက်အအုံ (၁၉၄)လုံး၊ စုစုပေါင်းအဆာက်အအုံ (၂၆၃)လုံးရှိတယ်လို့ ဆိုပါတယ်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အထူးအစည်းအဝေးမှာ သာကေတမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)တိုင်းဒေကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနွယ်ဝင်းက ‘ သာကေတမြို့နယ်ရပ်ကွက်အတွင်းရှိ သမဝါယမအသင်းပိုင်ပစ္စည်းစာရင်းဇယားများကို မည်ကဲ့သို့ စီမံခန့်ခွဲဆောင်ရွက်ထားသည်ကို ပွင့်လင်းမြင်သာမှုရှိစွာချပြရန် အစီအစဉ်ရှိ မရှိနဲ့ မည်ကဲ့သို့ ဆောင်ရွက်လျက်ရှိသည်ကို သိရှိလိုပါကြောင်းနဲ့ မေးခွန်း(၂)အချို့ရပ်ကွက်များမှာဖြစ်ပွားနေတဲ့ အမှုဆောင်ဥက္ကဋ္ဌမှစပြီး အသင်းသားများဟာ အသင်းစည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီမှုမရှိသော အသင်းသားများကို မည်သို့သောပြစ်ဒဏ်များဖြင့် အရေးယူဆောင်ရွက်ခြင်းရှိ မရှိမေးမြန်းခဲ့တာ ဖြစ်ပါတယ်။
သမဝါယမအသင်းပိုင် ပစ္စည်းများရဲ့ စာရင်းဇယားများကို သမဝါယမအသင်း နည်းဥပဒေအရ အသင်းဟာ လိုအပ်သည့် ငွေစာရင်း၊ ပစ္စည်းစာရင်း၊ အခြားစာရင်းများနဲ့ မှတ်တမ်းများကို သတ်မှတ်ချက်နဲ့အညီ ပြုစုထိန်းသိမ်းထားရှိခြင်း၊ အဆောက်အအုံများကို အသင်းမှစီမံခန့်ခွဲရာက ရရှိသောဝင်ငွေဟာ သက်ဆိုင်ရာ သမဝါယမအသင်းရဲ့ ငွေစာရင်းသို့သာ ဝင်တယ်လို့ ဝန်ကြီးက ရှင်းပြပါတယ်။
‘ သမဝါယမအသင်း နည်းဥပဒေအရလဲ အမှုဆောင်အဖွဲ့ဟာ စာရင်းစစ် အစီရင်ခံစာအရ အလွဲသုံးစားပြုလုပ်ခြင်း၊ အသင်းရဲ့စီးပွားရေးတည်မြဲမှုကို ထိခိုက်အောင်ပြုလုပ်ကြောင်း တွေ့ရှိပါက ဖောက်ဖျက်ကျူးလွန်သူအမှုဆောင်(သို့မဟုတ်) ဒါရိုက်တာအဖွဲ့ဝင်ကို တာဝန်ခွဲဝေသတ်မှတ်ချက်နဲ့အညီ အတိအကျဖော်ပြပြီး တာဝန်မှ ယာယီရပ်စဲခြင်း၊ တာဝန်မှ ယာယီရပ်စဲပြီး တည်ဆဲဥပဒေများနဲ့အညီ တရားဆွဲဆိုစေခြင်း၊ သက်ဆိုင်ရာတရားရုံးရဲ့ ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက တာဝန်မှရပ်စဲပြီး အသင်းသား/အသင်းဝင်အဖြစ်မှ ထုတ်ပယ်ခြင်းတွေ ပြုလုပ်နိုင်တယ် ‘ လို့ ပြောပါတယ်။
သမဝါယမဦးစီးဌာနအဆင့်ဆင့်ဟာ အသင်းရဲ့စာရင်းများကို (၆)လတာ ကာလမှာ သာမန်စစ်ဆေးခြင်း၊ ဘဏ္ဍာရေးနှစ်ကုန်ဆုံးချိန်မှာ နှစ်ချုပ်စစ်ဆေးခြင်းတို့ကို ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
Credit: The Kumudra