ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
ဗီယက်နမ် အိမ်ခြံမြေ developer ဖြစ်သော Ha Do Group ၏ လက်ထောက် အထွေထွေညွှန်ကြားရေးမှူး ချူးအန်တူယန်က မိမိတို့ ကုမ္ပဏီသည် ယခုနှစ်အတွင်း အခွန်ဆောင်ပြီး အမြတ်ငွေ ဗီယက်နမ်ဒေါင် ၇၀၀ ဘီလီယံ (ကန်ဒေါ်လာ ၂၉ ဒသမ ၉၀ သန်း) ရရှိခဲ့ကြောင်း ထုတ်ဖော်ပြောကြားသည်။
သို့ရာတွင် လာမည့်နှစ် ရည်မှန်းချက်မှာ ဒေါင်ငွေ ၈၀၀ ဘီလီယံသာဖြစ်ကြောင်းနှင့် နှစ်အလိုက်တိုးတက်မှု ၁၅ ရာခိုင်နှုန်းသာ ရည်မှန်းထားကြောင်းလည်း ၎င်းကပြောကြားသည်။
ဗီယက်နမ်အခြေစိုက် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုဖြစ်သော Development Investment Construction Joint Stock Corporation (DIG) ၏ ခေါင်းဆောင်ပိုင်းကလည်း လာမည့်နှစ် စီးပွားရေးပန်းတိုင်များ ချမှတ်ရာတွင် သတိကြီးစွာ ထားရှိလျက်ရှိနေသည်။
DIG ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က ပြောကြားရာတွင် လာမည့်နှစ် တိုးတက်မှုနှုန်း ရည်မှန်းချက်မှာ ယခုနှစ်ထက် ၁၀ ရာခိုင်နှုန်းသာ မြှင့်တင်ထားကြောင်း ပြောကြားသည်။
အဆိုပါကုမ္ပဏီတို့၏ လာမည့်နှစ် ရည်မှန်းချက်များမှာ ယခုနှစ်အိမ်ခြံမြေလောက၏ အောင်မြင်မှုများနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက အလွန်နည်းပါးလှသည့် ရာခိုင်နှုန်းပန်းတိုင်များ ဖြစ်နေသည်။
ယခုနှစ် ပထမ ၉ လတာအတွင်း အိမ်ခြံမြေကုမ္ပဏီများစွာတို့၏ နှစ်အလိုက်အမြတ်အစွန်းမှာ ၁၀၀ ရာခိုင်နှုန်းကျော်အထိ တိုးတက်ခဲ့သည်။
သာဓကအားဖြင့် DIG ၏ ယခုနှစ်အမြတ်အစွန်းမှာ အခွန်မဆောင်ရသေးမီ မြတ်စွန်းမှုပမာဏ ဒေါင်ငွေ ၁၇၈ ဒသမ ၆ ဘီလီယံရှိခဲ့ရာ ၁၆၇ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)