ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
မန္တလေးမြို့ ကျုံးအရှေ့ဘက် ၁၄ လမ်းတွင် နေ့၊ ည ရောင်းချနိုင်မည့် ခေတ်မီဈေးတန်းတည်ဆောက်ရန် စီစဉ်နေကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဈေးနှင့် သားသတ်ဌာနမှူး ဦးခင်အောင်က ပြောသည်။
‘‘ညဘက်မှာ စနစ်တကျ ရောင်းချနိုင်တဲ့ နေရာမရှိသေးဘူး။ နိုင်ငံခြားသားတွေအတွက် သန့်ရှင်းတဲ့ အစားအသောက်၊ ဒေသထွက်အစားအစာ၊ အမှတ်တရဆိုင်၊ စာအုပ်ဆိုင်၊ ခေတ်မီသန့်စင်ခန်းတွေပါဖို့ လျာထားတယ်’’ ဟု ဦးခင်အောင်က ပြော ကြားသည်။
ဈေးတန်းတည်ဆောက်မည့်နေရာမှာ ရွှေနန်းတော်ကျောင်းဆောင်၊ ကုသိုလ်တော်၊ စန္ဒမုနိ၊ မန္တလေးတောင်တို့အနီးတွင် ရှိသဖြင့် ပြည်တွင်း၊ ပြည်ပ ခရီးသွားများသည့် နေရာဖြစ်ကြောင်း ၎င်းကဆိုသည်။
အဆိုပါ ဈေးတန်းတွင် ဒေသထွက် အစားအသောက်အရောင်းဆိုင်များ၊ အမှတ်တရ ပစ္စည်းအရောင်းဆိုင်များ၊ စာအုပ်ဆိုင်များ၊ Food Court များပါဝင်မည့်အပြင် အပန်းဖြေအနားယူနိုင်မည့် ပန်းခြံတစ်ခုလည်း ထည့်သွင်းတည်ဆောက်ရန် စီစဉ်ထားကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
‘‘လုပ်ငန်းအဆင့်ဆင့်များတဲ့အတွက် ၂၀၁၉ ထဲမှာမှ ပြီးမယ်’’ဟု မန္တလေးမြို့တော်စည် ပင်သာယာရေးကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိတွင် ဈေးတန်းတည်ဆောက်ရန် မြေနေရာတိုင်းတာခြင်း၊ မြေနေရာလေ့လာခြင်းများ လုပ်ဆောင်နေကြောင်း ဦးခင်အောင်က ပြောသည်။
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက မန္တလေး မြို့ဘူတာကြီးအနောက်ဘက် ၇၉ လမ်းတွင်လည်း ခေတ်မီညဈေးတန်းတစ်ခုတည်ဆောက်ရန် စီစဉ်နေသည်။
Credit: 7Daydaily