ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
ကမ္ဘောဒီးယား၏ ကောင်းကင်မြင်ကွင်း နှင့် ရာသီဥတုပြောင်းလဲမှုကဏ္ဍတို့တွင် ပြောင်းလဲမှုများ ကြီးထွားလာသည်နှင့်အမျှ ကမ္ဘောဒီးယား နိုင်ငံသားများစွာမှာ အုတ်လုပ်ငန်းနယ်ပယ်တွင် အကြွေး၏ကျွန်များအဖြစ် ထောင်ချောက်ပိတ်မိလျက်ရှိနေကြသည်။
ကမ္ဘောဒီးယားရှိ ထွန်းသစ်လာသော မြို့ပြများတစ်လွှား မိုးဦးကျမှိုများသဖွယ် အပြိုင်းအရိုင်းပေါ်ပေါက်လာသော ဇိမ်ခံကွန်ဒိုများနှင့် ရုံးခန်း အဆောက်အအုံကြီးများဆောက် လုပ်ရာတွင် အသုံးပြုရန်အတွက် အုတ်ထုတ်လုပ်သည့် လုပ်ငန်း နယ်တွင် ချန်မိုနီက လွန်ခဲ့သော ၁၇ နှစ်တာ ကာလပတ်လုံး အချိန်ကုန်ဆုံးခဲ့သည်။
ကမ္ဘောဒီးယားသည် ဒေသတွင်းတွင် စီးပွားရေးဖွံ့ဖြိုး မှု အလျင်မြန်ဆုံးနိုင်ငံဖြစ်ပြီး နိုင်ငံ့မြို့တော် ဖနွမ်းပင်၏ ကောင်းကင်မြင်ကွင်းကို ကြီးမားစွာ ပြောင်းလဲလာစေသော ဆောက်လုပ်ရေးကဏ္ဍမှာလည်း လျင်မြန်စွာ ဖွံ့ဖြိုးလာလျက်ရှိ နေသည်။
သို့စေကာမူ ကလေး ၄ ယောက်၏ မိခင်၊ အသက် ၄၂ နှစ်အရွယ်ရှိ ချန်းမိုနီသည် ဖနွမ်းပင်ရှိ အုတ်ဖုတ်ဖိုတွင် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သည့် ကာလအတွင်း ပျော်ရွှင်မှု တစ်စုံတစ်ရာမရှိခဲ့။
ချန်မိုနီဟူသည်မှာ သူ၏အမည်ရင်းကားမဟုတ်။ (သတင်းရင်းမြစ်ကို အကာအကွယ်ပေးရန်အတွက် ပြောင်းလဲ ပေးထားခြင်းသာ ဖြစ်သည်)
သူသည် ပြည်တွင်းအုတ်ထုတ်လုပ်ရေးလုပ်ငန်းတွင် ထောင်ချောက်ပိတ်မိနေသော လုပ်သားများတွင် တစ်ဦးအပါ အ၀င်ဖြစ်သော အမျိုးသမီးကြီး ဖြစ်သည်။
ကမ္ဘောဒီးယား၏ အုတ်ဆာလောင်မွတ်သိပ်မှုကို ဖြေလျော့ပေးရန်အတွက် လိုအပ်သော အုတ်များကို နေ့မအား ညမနား ထုတ်လုပ်ကြရသည်။
“ကျွန်မတို့အတွက်ကတော့ အရာရာကို သည်းခံဖို့၊ အလုပ်ကြိုးစားပြီး ၀င်ငွေရှာဖို့ပဲ အာရုံစိုက်စရာရှိနေပါတယ်”မကြာသေးမီက ထွက်ရှိခဲ့သော ကိန်းဂဏန်းအချက်အလက် များအရ အုတ်လုပ်ငန်း၏ ဖွံ့ဖြိုးမှုနှုန်း အနည်းငယ်ကျဆင်းသွား သည်ဟု ဆိုစေကာမူ ဖနွမ်းပင်မြို့ကြီးတစ်လွှား အမြဲအသက်ဝင် နေသည့် ဆောက်လုပ်ရေးလုပ်ငန်း၏ လှုပ်ရှားသက်ဝင်မှုမှာ နှစ်ဆခန့်ရှိလာသည့်အပြင် အိမ်ဆောက်ပစ္စည်းများ၏ ၀ယ်လို အား မပြောင်းလဲခြင်းမှာ သဟဇာတမဖြစ်သည့် အချက်အလက်များ ဖြစ်နေသည်။
၂၀၁၇ ခုနှစ် တစ်နှစ်လုံးတွင် ကမ္ဘောဒီးယားနိုင်ငံက ဆောက်လုပ်ရေးပစ္စည်းများ တင်သွင်းမှုမှာ ၃၆ ရာခိုင်နှုန်း အထိ မြင့်တက်ခဲ့သည်။
ကမ္ဘောဒီးယားအာဏာပိုင်တို့က ဆောက်လုပ်ရေးစီမံ ကိန်းပေါင်း ၃၀၀၀ ကျော် ခွင့်ပြုချက်ပေးထားရာ ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် ၂၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ ချန်မိုနီက သူ၏ဇာတိဖြစ်သော ကမ်ပေါင်ချမ်းပြည်နယ်သို့ မည်သည့်ကာလမှ ပြန်နိုင်မည်ကို မသိသေးချေ။
ကမ်ပေါင်ချမ်းတွင် ချန်မိုနီက သူ၏မိသားစုအတွက် ပျဉ်ထောင်အိမ်တစ်လုံးဆောက်လုပ်ထား၏။
““အိမ်မှာတော့ ဘာမှမရှိပါဘူး””။ ချန်မိုနီက တဲတစ်လုံး ရှေ့တွင် ချထားသည့် ကုတင်ပေါ်တွင် လဲလျောင်းရင်း ပြော ကြား၏။
အဆိုပါ တဲတွင် မိသားစု ၅ ဦးနှင့်အတူ နေထိုင်၏။အခြား အုတ်ဖိုလုပ်သားများနည်းတူ လုပ်ငန်းခွင်တွင် အခြေချ နေထိုင်လျက်ရှိခြင်း ဖြစ်သည်။
နံနက် ၁၁ နာရီခန့်တွင်ကား ဂိုဒေါင်အတွင်းမှ ချွေး ပြိုက်ပြိုက်ကျကာ ချန်မိုနီအပြင်သို့ထွက်လာသည်။ ဂိုဒေါင် ပြင်ပ ကွင်းပြင်ကျယ်ကြီးအတွင်းတွင်ကား အုတ်ပုံကြီးများ အစီအရီ တန်းစီနေသည်မှာ မျက်စိတဆုံးပင်။
သမီးငယ်၏ သန်မာလှသော လက်မောင်းကြွက်သား များသည် ကြမ်းတမ်းပင်ပမ်းလှသော ကာယအလုပ်များအတွက် သဘာဝပေးသည့် လက်ဆောင်တစ်ခု ဖြစ်ဖွယ်ရှိသည်။
““ကျွန်မက အုတ်တွေကို တွန်းလှည်းပေါ်တင်ပေးရ တယ်။ ကျွန်မရဲ့ခင်ပွန်းနဲ့ သမီးက လှည်းကိုတွန်းသွားပြီး အုတ် တွေကို နေလှမ်းရပါတယ်””
““ကျွန်မတို့ ၃ ယောက်ပေါင်းဆိုရင် တစ်နေ့ကို အုတ် ရေ ၂၅၀၀၀ ကနေ ၃၀၀၀၀ ကြား လုပ်နိုင်ပါတယ်။ အုတ်ကို ဖိုထဲက ထုတ်ရုံလောက် မဟုတ်ပါဘူး။ လုပ်ငန်းအစအဆုံး ပြီးစီးတဲ့အထိ ၃ ယောက်လုံးလုပ်ကြရတယ်””
တစ်လလျှင် ၃ ဦးပေါင်းဝင်ငွေမှာ ကန်ဒေါ်လာ ၂၅၀ မှ ၃၀၀ ကြားရရှိကြသည်။ ထိုဝင်ငွေ၏ ၃ ပုံ ၁ ပုံကို ကန်ဒေါ်လာ ၁၂၅၀ ခန့် ချေးငွေယူထားသည်အတွက် ပြန်လည်ပေးဆပ်ရ၏။
ချန်မိုနီက ထိုချေးငွေကို အသေးစားချေးငွေကုမ်္ပဏီ တစ်ခုထံမှ ရယူခဲ့ခြင်းဖြစ်သည်။ ထို့အပြင် အုတ်ဖိုပိုင်ရှင်ထံတွင် လည်း ကန်ဒေါ်လာ ၇၀၀၀ ခန့် အကြွေးတင်နေသေးသည်။အုတ်ဖိုပိုင်ရှင်က သူ၏အကြွေးမကျေသေးသမျှ ချန်မိုနီနှင့် မိသားစုကို အလုပ်ထွက်ခွင့်ပေးမည်မဟုတ်ချေ။
““နောင် နှစ်ဘယ်လောက်ကြာဦးမယ် မသိသေးပါ ဘူး။ ဘာလို့လဲဆိုတော့ အလုပ်ရှင်ရဲ့အကြွေးတွေကို တစ်ပြား မှ မဆပ်နိုင်သေးဘူးလေ””ဟု ချန်မိုနီက ဆိုသည်။
ချန်မိုနီသည် သူ့ဘ၀အချိန်တစ်ဝက်နီးပါးကို အုတ်ဖို တွင် ကုန်ဆုံးခဲ့ပြီးလည်း ဖြစ်သည်။ ချန်မိုနီတို့ ဒေသတစ်ခွင် တွင် ထိုသို့သော ဖြစ်ရပ်မျိုးမှာ အထူးအဆန်းကား မဟုတ်ချေ။ ဗြိတိန်ရှိ Royal Holloway University မှ မကြာသေးခင်က ထုတ်ပြန်ခဲ့သော လေ့လာချက်တစ်ရပ်အရ ကမ္ဘောဒီးယား၏ အုတ်ထုတ်လုပ်ရေး လုပ်ငန်းသည် လူကြီး၊ လူရွယ်၊ ကလေး သူငယ်များစွာ ပါဝင်နေသည့် မျိုးဆက်စုံ လုပ်အားစုအပေါ် မှီခိုနေပြီး ၎င်းတို့ အားလုံးသည် အကြွေးဖြင့်စည်းနှောင်ခြင်း ဟူသော ခေတ်သစ်ကျွန်ပြုမှု ထောင်ချောက်အတွင်း ပိတ်မိနေ ကြကြောင်း ဖော်ပြသည်။
ယင်းသို့သော အခြေအနေမျိုးမှာ ကမ္ဘောဒီးယားက ပါဝင်လက်မှတ်ထိုးထားသည့် နိုင်ငံတကာသဘောတူစာချုပ် များ၊ ပြည်တွင်းဥပဒေများအရ တရားမ၀င်သော်လည်း အကြွေး ဖြင့် စည်းနှောင်ခံထားရသည့် ကမ္ဘောဒီးယားမိသားစု ထောင် ပေါင်းများစွာမှာ မြေကြီးတူးဖော်ခြင်း၊ အုတ်ပုံစံလောင်းခြင်း၊ အုတ်ဖုတ်ခြင်းလုပ်ငန်းတို့ကို အလွန်အန္တရာယ်များသည့် အခြေ အနေများအောက်တွင် လုပ်ကိုင်ကြရလျက်ရှိနေသည်။
လုပ်ငန်းခွင်အခြေအနေများကို အထူးပြုသုံးသပ်ချက်များအပြင် အခြားသော အချက်အလက်ပေါင်းများစွာ အရ ကမ္ဘောဒီးယားလုပ်သားတို့သည် ခေတ်သစ်ကျွန်ပြုမှု ပုံစံ အတွင်း တွန်းပို့ခံရလျက်ရှိကြောင်း လေ့လာချက်တွင် ဖော်ပြ သည်။
နိုင်ငံတကာ အလုပ်သမားအဖွဲ့ကြီး (ILO ) ၏ ခန့်မှန်း ချက်အရ ကမ္ဘာတစ်ဝန်းတွင် လူပေါင်း သန်း ၄၀ ခန့်သည် ခေတ်သစ်ကျွန်ပြုမှု ထောင်ချောက်အတွင်း ပိတ်မိလျက်ရှိသည် ဟု ဆိုသည်။
ရာသီဥတုပြောင်းလဲမှုကြောင့် လယ်သမားတို့က သီးနှံမဖြစ်ထွန်းမှုများ၊ ပျက်စီးမှုများ ရင်ဆိုင်ရချိန်တွင် ချေးငွေများရယူရာမှ အကြွေးများတင်လာကြသည်။
မြို့ပြဆောက်လုပ်ရေးလုပ်ငန်းများကို လယ်သမား တို့၏ အဆိုပါကြွေးမြီများက မောင်းနှင်ပေးနေခြင်းလည်းဖြစ် သည်ဟု ILO က ဖော်ပြထားသည်။
လယ်သမားတို့၏ မိသားစုကြွေးမြီများ ပြန်လည်ပေး ဆပ်နိုင်ရေးအတွက် ရရာအလုပ်ဖြင့် ငွေရှာရန်မှတပါး အခြား ရွေးချယ်စရာလမ်း မရှိခဲ့ချေ။
ကမ္ဘာဒီးယားတွင် လူမှုစောင့်ရှောက်ရေးစနစ် မရှိ သည့်အပြင် တိုင်းပြည်လူဦးရေ၏ ထက်ဝက်ခန့်ရှိသော လယ် သမားတို့မှာလည်း အစိုးရထံမှ အထောက်အပံ့ အကူအညီ လည်း မရရှိကြ။
နောက်ဆုံးတွင်ကား ဘ၀ရှင်သန်ရပ်တည်နိုင်ရေး အတွက် အုတ်ဖိုများရှိရာအရပ်သို့ ရွှေ့ပြောင်းလုပ်သားအဖြစ် ပြောင်းရွှေ့နေထိုင် အလုပ်လုပ်ကြရတော့သည်။
““ရာသီဥတုပြောင်းလဲမှုဟာ သဘာဝပတ်ဝန်းကျင်ကို သာမကဘဲ လူမှုဘ၀တွေကို ထိခိုက်စေနိုင်တယ်ဆိုတာ ပြသဖို့အတွက် ကျွန်တော်တို့ရဲ့ သုတေသနက ရည်ရွယ်ပါတယ်””
““စပါးက တစ်နှစ်ကို တစ်ကြိမ်ပဲ စိုက်လို့ရပါတယ်။ ကျွန်မတို့ပိုင်တဲ့လယ်ကလည်း သေးသေးလေးပဲဆိုတော့ မိသားစု တစ်ခုလုံးရဲ့ စားဝတ်နေရေးကို မထောက်ပံ့ပေးနိုင်ပါဘူး””ဟု ချန်မိုနီက ပြောကြားသည်။
သို့ရာတွင် အလုပ်သစ်သို့ ပြောင်းလဲလုပ်ကိုင်ခဲ့ပြီး နောက်တွင်လည်း သူ၏လုပ်ခ၀င်ငွေမှာ နေ့စဉ်အသုံးစရိတ် များအတွက် လုံလောက်မှုမရှိကြောင်း တွေ့လာရပြန်သည်။ သို့နှင့် အကြွေးဝင်္ကပါထဲတွင် ပိတ်မိခဲ့တော့သည်။
““အုတ်ဖိုမှာ အလုပ်လုပ်နေရပေမယ့် မိသားစုကို ထောက်ပံ့ကျွေးမွေးနိုင်ဖို့ ၀င်ငွေအလုံအလောက်မရှိပါဘူး။ ဒါကြောင့် အုတ်ဖိုပိုင်ရှင် ဟောင်းတစ်ဦးဆီကနေ ငွေချေးခဲ့ရ တယ်။ ဒါပေမယ့် ငွေကထပ်လိုလာပြန်တော့ အသေးစားငွေချေး လုပ်ငန်းကနေ ထပ်ချေးရပြန်ပါတယ်””ဟု ချန်မိုနီက ဆိုသည်။
နောက်ဆုံးတွင်ကား သူ၏ကြွေးမြီများကို ပြန်လည် ပေးဆပ်နိုင်ရန်အတွက် အသေးစားငွေချေးလုပ်ငန်းများစွာထံမှ ချေးငွေများစွာ ယူခဲ့ရတော့သည်။
““အုတ်ဖိုလုပ်သားတွေဟာ အချိန်အများစုမှာ တိရစ်္ဆာန် တွေလို ဆက်ဆံခံကြရတယ်။ သူတို့ကို အုတ်ဖိုတစ်ခုကနေ နောက်တစ်ခုကို ရောင်းပစ်တာမျိုးခံကြရတယ်။ သူတို့ရဲ့အကြွေး တွေကလည်း အမြဲတမ်းမြင့်တက်လာနေပြီး နှိပ်စက်တာတွေ၊ အကြမ်းဖက်တာတွေ ခံရပါတော့တယ်””ဟု ကမ္ဘောဒီးယား အဆောက်အအုံနှင့် သစ်လုပ်သားများသမဂ်္ဂ ဒုတိယဥကဋ္ဌ ဆောင်ချလောင်က ပြောကြားသည်။
ပြီးခဲ့သော ၂၀၁၈ ခုနှစ်အတွင်း ဆောင်ချလောင် သည် ချန်မိုနီတို့ မိသားစု အပါအ၀င် အကြွေးထောင်ချောက် တွင် ပိတ်မိနေသည့် မိသားစု ၅ စုကို အကူအညီပေးခဲ့ပြီး ဖိနှိပ်သော အလုပ်ရှင်များထံမှ အခြားအလုပ်ရှင်ထံတွင် ၀င်ရောက်လုပ်ကိုင်နိုင်ရန် ကူညီခဲ့သည်။
““ကျွန်တော့်ရဲ့ အတွေ့အကြုံအရ သူတို့ကို အုတ်ဖို တစ်ခုကနေ နောက်တစ်ခုကို ပြောင်းပေးနိုင်ဖို့အတွက် ကန် ဒေါ်လာ ၃၀၀၀ ကနေ ၆၀၀၀ ကြားပေးရပါတယ်”” ဟု ဆောင် ချလောင်က ပြောကြားသည်။
ချန်မိုနီတို့ မိသားစုသည် အကြွေးထောင်ချောက် ထဲတွင် ဆက်လက်ပိတ်မိနေဆဲဖြစ်သော်လည်း အနိုင်ကျင့် နှိပ်စက်ခံရသည့်အဖြစ်မျိုးမှ ကင်းဝေးသွားခဲ့ပြီ ဖြစ်သည်။
““အခု ပိုင်ရှင်သစ်က အရင်ပိုင်ရှင်ဟောင်းနဲ့ ယှဉ်ရင် အတော်ကြင်နာတတ်ပါတယ်””ဟု ချန်မိုနီက ပြောကြားသည်။ ချန်မိုနီက တစ်နေ့တွင် သူ၏ဇာတိရွာကလေးသို့ ပြန်နိုင်မည် ဟု မျှော်လင့်ထားသည်။
““အကြွေးတွေ ဆပ်နိုင်ပြီဆိုရင် ကျွန်မ ရွာကိုပြန်ပြီး အလုပ်ကလေးတစ်ခုခု လုပ်ချင်ပါတယ်။ အုတ်ဖိုကို လာလုပ်မိ တာ ကျွန်မ တကယ်နောင်တရမိပါတယ်။ အလုပ်တွေ ပိုလုပ် လေလေ အကြွေးတွေ ပိုပိုများလာလေပါပဲ””ဟု ချန်မိုနီက ဆို သည်။
အိအိအေးအောင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com