ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
လက်ခစားလုပ်ငန်းများ အပါအ၀င် နိုင်ငံခြားကုမ္ပဏီများ က လစာပေးရန် ပြည်တွင်းသို့ ကန်ဒေါ်လာ လွှဲပြောင်းမှုများ သည်လကုန်ရက်ပိုင်းတွင် ကန်ဒေါ်လာတန်ဖိုးအနည်းငယ်လျော့ ကျစေသည်ဟု စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောသည်။
လက်ရှိပြည်တွင်း ငွေကြေးဈေးကွက်တွင် ကန်ဒေါ်လာတန်ဖိုးသည် အမြင့်ဆုံး ၁,၅၇၅ ကျပ်မှ ၁,၅၈၀ အကြားဈေးဖွင့်ကြောင်း ငွေလဲလုပ်ငန်းလုပ်ကိုင်သူတစ်ဦး က ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းက ပြည်တွင်းဈေးကွက်တွင် ကန်ဒေါ်လာ တန်ဖိုးသည် တစ်ဒေါ်လာ ၁,၅၈၅ ကျပ်မှ ၁,၅၉၀ ခန့်ဈေးရှိသည်။
နိုင်ငံခြားကုမ္ပဏီအချို့သည် ပြည်တွင်း အလုပ်သမားများကို လစာပေးရန် ကန်ဒေါ်လာအပါ အ၀င် နိုင်ငံခြားငွေများကို ပြည်တွင်းငွေကြေးဈေးကွက်တွင် လဲလှယ်လေ့ရှိကြောင်း ၎င်းကပြောသည်။
ကုန်သွယ်ရေးနှင့် သက်ဆိုင်သည့် ပို့ကုန်ရငွေတန်ဖိုးကလည်း နိုဝင်ဘာ ၂၉ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၁,၅၉၀ ခန့်ရှိနေပြီး သွင်းကုန်အတွက် စင်ကာပူနိုင်ငံ သို့ ငွေလွှဲပေးပို့သူများ ၀ယ်ယူရသည့် ကန်ဒေါ်လာ တန်ဖိုးက ၁,၅၈၈ ကျပ်ခန့်ရှိနေသည်။
ကန်ဒေါ်လာ ဈေးကစားသူများကို ဖမ်းဆီးအရေးယူပြီး နောက်ပိုင်းတွင် ပြည်တွင်းငွေကြေးဈေးကွက် ပြန်လည်တည် ငြိမ်လာသည်။ ထို့အပြင် နိုင်ငံခြားဘဏ်ခွဲများကို ပြည်တွင်း၌ ငွေချေးခွင့်ပြုခြင်းက နိုင်ငံခြားငွေများပြည်တွင်းငွေကြေးဈေးကွက်သို့ ၀င်လာပြီး ကန်ဒေါ်လာတန် ဖိုး တည်ငြိမ်စေရန် ရည်ရွယ်ထားကြောင်း ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ အချို့က ပြောသည်။
Credit: 7Daydaily