ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
ဂျပန်အစိုးရသည် နိုင်ငံတစ်ဝန်းရှိ လူမနေသော စွန့်ပစ်နေအိမ်ပေါင်း ၈ သန်းခန့်ကို ပုံမှန်ပေါက်ဈေးအောက် အဆမတန်လျှော့ချကာ ရောင်းချပေးရန်နှင့် အချို့သောနေအိမ်များကို အခမဲ့ပင် ပေးအပ်သွားမည့် အစီအစဉ်တစ်ခု စတင်လျက်ရှိသည်။
အဘယ်ကြောင့် အခမဲ့ပေးနေပါသနည်း။ မည်သည့်အချက်များ သိထားရန် လိုသနည်း။
အခမဲ့ပေးမည့် နေအိမ်များတွင် သွားရောက်နေထိုင်လိုသည်ဆိုပါက ဂျပန်နိုင်ငံ၏ အလွန်အစွန်အဖျားကျသော ဒေသများတွင် သွားရောက်နေထိုင်ရမည် ဖြစ်၏။
ထို့အပြင် အခြားသိထားရမည့်အချက်မှာ အဆိုပါနေအိမ်များတွင် သဘာဝမဟုတ်သော ကြောက်မက်ဖွယ် သေဆုံးမှုများ ဖြစ်ပွားခဲ့ဖူးသည်ဟူသော အချက်ပင်။
ထိုအချက်သည် အိမ်ခြံမြေအကျိုးဆောင်များအတွက် ရောင်းပန်းမလှစေသည့် အချက်တစ်ခုလည်း ဖြစ်၏။
နေအိမ်အများစုမှာ သဘာဝဘေးကြောင့် ရွှေ့ပြောင်းစွန့်ပစ်ခဲ့ကြခြင်းဖြစ်ပြီး ကြောက်မက်ဖွယ်ဇာတ်လမ်းကိုယ်စီရှိနေကြသည်။
ဂျပန်တိုင်းမ်သတင်းတစ်ရပ်အရ ဂျပန်လူမျိုး ၇၀ ရာခိုင်နှုန်းခန့်မှာ တိုက်ခန်းများတွင် နေထိုင်ကြသူများဖြစ်သည်ဟု ဆိုသည်။
မြို့ပြသို့ အလုံးအရင်းစွန့်ခွာရွှေ့ပြောင်းမှုများ၏ နောက်တွင် မြို့ပြဒေသ၏ ပြင်ပတွင် အခြေချနေထိုင်သည့် ကျေးလက်နေထိုင်သူ အလွန်နည်းပါးသွားသည်။
နိုမူရာ သုတေသန အင်စတီကျု (NRI) ၏ ခန့်မှန်းချက်အရ ၂၀၃၃ ခုနှစ်တွင် ဂျပန်နိုင်ငံတစ်ဝန်း၌ လူမနေသော စွန့်ပစ်အိမ်ပေါင်း ၂၁ ဒသမ ၇ သန်းခန့်ရှိမည်ဟု ခန့်မှန်းထားပြီး အဆိုပါပမာဏမှာ တစ်နိုင်ငံလုံးရှိ စုစုပေါင်းလူနေအိမ်အရေအတွက်၏ သုံးပုံတစ်ပုံနီးပါးပင် ဖြစ်သည်။
ဂျပန်အစိုးရက အဆိုပါနေအိမ်များအား ဝယ်ယူနေထိုင်မည့်သူများကို ပြုပြင်မွမ်းမံရေးများ ပြုလုပ်နိုင်ရန် ဘဏ္ဍာရေးထောက်ပံ့ကူညီမှုများ ပြုလုပ်ပေးမည်ဟုလည်း ဆိုသည်။
အခြားသော အကြောင်းရင်းတစ်ခုမှာ သက်ကြီးရွယ်အိုများ အလွန်များပြားလာနေလျှက်ရှိသော ဂျပန်တွင် မူလက အဆိုပါနေအိမ်များတွင် မိသားစုနေထိုင်ခဲ့ကြသော်လည်း သားသမီးများမှာ မြို့ပြများသို့ ပြောင်းရွှေ့သွားကြချိန်၌ ကျန်ရစ်ခဲ့သော သက်ကြီးရွယ်အိုများမှာ သက်ကြီးဂေဟာသို့ ပြောင်းရွှေ့နေထိုင်ခြင်း၊ ကွယ်လွန်သွားခြင်းများကြောင့် စွန့်ပစ်နေအိမ်များ အလွန်များပြားလာသည်။
ယင်းသို့သော နေအိမ်များမှာ ဂျပန်ရိုးရာယုံကြည်မှုအရ ရောင်းထွက်ရန် မလွယ်သော နေအိမ်များဖြစ်ကြသည်။
ဂျပန်တို့၏ အယူအရ အဆုံးစီရင်မှု၊ လူသတ်မှု၊ တစ်ဦးတည်း အထီးကျန်သေဆုံးမှုများ ဖြစ်ပွားခဲ့သော နေအိမ်တို့တွင် နေထိုင်ပါက ကံကြမ္မာဆိုးများ ကျရောက်လေ့ရှိသည်ဟု ယုံကြည်ကြသည်။
အကယ်၍ သင်သည် မကြာမကြာတွေ့ရဖွယ်ရှိသည့် သရဲတစ္ဆေများကို ကြောက်ရွံ့ခြင်းမရှိသူ၊ အစွဲအလမ်းကင်းကာ အယူမသည်းသူ၊ ဂျပန်တွင် ဈေးသက်သာမည့် နေအိမ်တစ်လုံးရှာဖွေနေသူ ဖြစ်ပါက ဂျပန်ရှိ စွန့်ပစ်နေအိမ်များမှာ သင့်အတွက် စောင့်ဆိုင်းလျက်ရှိနေပြီး ဝယ်ယူရန် အချိန်ကောင်းပင် ဖြစ်လေသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)