ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
ယခင်အစိုးရလက်ထက် ၂၀၁၁ ခုနှစ်မှစတင်ကာ ပြည်ပမှ ကားများတင်သွင်းခွင့်ပြု လိုက်ပြီးနောက် ရန်ကုန်မြို့တွင် ကားစီးရေအမြောက်အမြား တိုးပွားလာခဲ့သည်။ သို့သော် စနစ်ကျပြီး လုံလောက်သော ကားပါကင်စနစ် ယနေ့ထိမရှိသေးသည့်အတွက် ယာဉ်ပိုင်ရှင်အများစုမှာ ကားပါကင်နှင့် ပတ်သက်ပြီး အခက်အခဲမျိုးစုံကို နေ့စဉ်နှင့်အမျှ ရင်ဆိုင် နေရသည်။
ရန်ကုန်မြို့တွင်း နေထိုင်သူအများစုမှာ တိုက်ခန်းများတွင် နေထိုင်ကြပြီး ကားပါကင်ထည့်သွင်း တည်ဆောက်ထားခြင်း မရှိသည့်အတွက် ကားရပ်နားရန်နေရာမှာ အခက်အခဲဖြစ်နေကာ အများပြည်သူသုံးလမ်းများတွင် ရပ်နားရသည့်အတွက် ပုံမှန်ထက် ယာဉ်ကြောပိတ်ဆို့မှုများလည်း ဖြစ်ပွားလျက်ရှိသည်။
အဆိုပါအကြောင်းအရာနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင်လည်း လွှတ်တော်ကိုယ်စားလှယ်များက မကြာခဏ မေးခွန်းထုတ်မှုများရှိနေသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကလည်း အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ဆောင်ရွက်နေမှုများရှိသည်ဟု မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောဖူးသော်လည်း ယခုအချိန်ထိ တစ်စုံတစ်ရာ အကောင်အထည်ပေါ်မလာသေးပေ။
၂၀၁၈ ခုနှစ် စက်တင်ဘာ ၅ ရက်က ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်TMH Telecom Public Company Limited က တာဝန်ရှိသူများသည် ရန်ကုန်စမတ်စီးတီးအစီအစဉ်၏ ကဏ္ဍတစ်ခုဖြစ်သော စမတ်ပါကင်နည်းစနစ်နှင့် ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ကုမ္ပဏီက သတင်းထုတ်ပြန်ခဲ့သည်။
နိုင်ငံတကာတွင် အသုံးပြုလျက်ရှိသည့် စမတ်ကားပါကင်စနစ်သည် နည်းပညာကို အသုံးပြုပြီး ယာဉ်မောင်းနှင်သူများ ရပ်နားရအဆင်ပြေအောင် ယာဉ်ရပ်နားနိုင်သည့် နေရာ၊ အရေအတွက် စသည်ကို အသိပေးခြင်း၊ လမ်းညွှန်ခြင်းများ ဆောင်ရွက်ပေးပြီး အခကြေးငွေပေးဆောင်သည့်စနစ်ကိုလည်း လွယ်ကူလျင်မြန်အောင် ပြုလုပ်ထားသည့် စနစ်မျိုးဖြစ်သည်။
အဆိုပါစီမံကိန်းသည် နိုင်ငံတကာစံချိန်မီ မြို့ပြစီမံကိန်းလုပ်ငန်းကို အထောက်အကူ ပြုစေရန်နှင့် ရန်ကုန်မြို့တွင်းရှိ လူနေမှုစနစ်ကို ပိုမိုအထောက်အပံ့ပေးနိုင်သော ယာဉ်ရပ်နားစနစ် ဖြစ်လာစေရန် ရည်မှန်းထားသည်။ သို့သော် လက်ရှိအချိန်တွင် စမတ်ကားပါကင်ကို အကောင်အထည်ဖော်မည့်ပုံစံနှင့် လုပ်ဆောင်ပုံအဆင့်ဆင့်တို့ကို တိုင်းဒေသကြီးအစိုးရဘက်က တရားဝင် ထုတ်ဖော်ပြောကြားခြင်း မရှိသေးသကဲ့သို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များကိုလည်း ရှင်းလင်းပြောကြားထားခြင်း မရှိသေးကြောင်း သိရသည်။
ထို့ပြင် ပြီးခဲ့သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန်အစည်းအဝေးတွင်လည်း ကျောက်တံတားမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်မှစ၍ အမည်တပ် လမ်းမကြီးများတွင် ယာဉ်ရပ်နားခ ကောက်ခံမည့်စနစ်နှင့် ပတ်သက်၍ စနစ်ကျပြီး ပြည်သူများ အဆင်ပြေရန် မည်ကဲ့သို့စီစဉ်ဆောင်ရွက်သွားမည်ကို မေးမြန်းခဲ့သည်။
အဆိုပါမေးခွန်းနှင့်ပတ်သက်ပြီး ခေတ်မီ၍ စနစ်ကျသော စမတ် ကားပါကင်စနစ် ဆောင်ရွက်ရန် စီစဉ်ထားကြောင်း ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက ပြန်လည်ဖြေကြားခဲ့သည်။ စမတ်ကားပါကင်စနစ်နှင့်ပတ်သက်ပြီး မည်ကဲ့သို့ ဆောင်ရွက်မည်ကို ပြည်သူများထံသို့ သိရှိနားလည်အောင် ချပြသင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက အကြံပြုခဲ့သည်။
ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်နှင့် အမည်တပ်လမ်းမကြီးများတွင် ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်မှစ၍ ယာဉ်ရပ်နားခများ ကောက်ခံတော့မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက သြဂုတ်လအတွင်း ကြေညာခဲ့သည်။ ရန်ကုန်မြို့တွင်း ခြောက်မြို့ နယ်ရှိ ယာဉ်ရပ်နားကန့်သတ်ဇုန် ရှစ်ဇုန်တွင် ယာဉ်ရပ်နားခ ကောက်ခံခြင်းလုပ်ငန်းများကို ဈေးပြိုင်တင်ဒါစနစ်ဖြင့် အငှားချထားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဒေါ်မေမေသွယ်က သြဂုတ်လအတွင်းက ပြောသည်။
စည်ပင်သာယာရေးကော်မတီက လမ်းများ တိုးချဲ့ခြင်းနှင့် ကားစီးရေနည်းပါးသေးသည့်အတွက် ယာဉ်ရပ်နားခ ကောက်ခံခြင်းကို ၂၀၁၂ ခုနှစ်ခန့်ကစ၍ ရပ်နားခဲ့သည်။ သို့သော် ရန်ကုန်မြို့တွင်း ကားစီးရေ များပြားလာခြင်းနှင့် စည်းကမ်းမဲ့ရပ်နားထားသည့် ယာဉ်များကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်နေသဖြင့် ယာဉ်များ စည်းကမ်းတကျ ရပ်နားစေရန် ကားပါကင်ကြေးများ ပြန်လည်ကောက်ခံရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း ၎င်းကပြောသည်။
ယာဉ်ရပ်နားခများကို နံနက် ၈ နာရီမှ ညနေ ၆ နာရီအတွင်းတစ်နာရီလျှင် ကျပ် ၂၀ဝ နှုန်းဖြင့် ကောက်ခံမည်ဖြစ်ကာ သတ်မှတ်ချိန် ကျော်လွန်ပြီးနောက် ပြင်ပချိန်များတွင် ရပ်နားခများကို ကောက်ခံမည်မဟုတ်ဘဲ အခမဲ့ရပ်နားခွင့်ပြုမည်ဖြစ်ကြောင်းလည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ကြေညာခဲ့သည်။
သို့သော် အောက်တိုဘာ ၁ ရက်တွင် အဆိုပါအစီအစဉ်ကို စတင်နိုင်ခဲ့ခြင်းမရှိဘဲ နိုဝင်ဘာ ၁ ရက်သို့ ပြောင်းရွှေ့သွားခဲ့သည်။ နိုဝင်ဘာ ၁ ရက်တွင်လည်း အဆိုပါအစီအစဉ်ကို အကောင်အထည်မဖော်နိုင်ခဲ့ဘဲ ယာဉ်ရပ်နားခ ပြန်လည်ကောက်ခံမည့် အစီအစဉ် ပျက်သွားသည်ဟု သတင်းများ ပေါ်ထွက်လာခဲ့သည်။
ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်ရှိ ယာဉ်ရပ်နား ကန့်သတ်ဇုန် ရှစ်ဇုန်အနက် ဇုန် ငါးဇုန်အတွက် တင်ဒါခေါ်ယူရာတွင် အောင်မြင်သူ မရှိသောကြောင့် ယာဉ်ရပ်နားခ ကောက်ခံခြင်းအစီအစဉ်ကို ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။ သို့သော်Manual စနစ်ဖြင့် ကောက်ခံမည့်စနစ်ကိုသာ ဖျက်သိမ်းခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။
"ရပ်နားခကောက်ခံမယ့်အစီအစဉ် ပျက်သွားတယ်ဆိုတာကManual နဲ့သွားတဲ့ပုံစံက ပျက်သွားတာ။ စမတ်ကားပါကင်ပုံစံနဲ့ ဆက်သွားဖို့က ဆွေးနွေးနေတာရှိတယ်။ အရင်က အောက်တိုဘာလကနေ ဧပြီလအထိ ခြောက်လလုပ်ဖို့ တင်ဒါခေါ်လိုက်တာ အဆင်မပြေတာရှိတဲ့အတွက် စမတ်ကားပါကင်ပုံစံနဲ့ပဲ သွားမယ်ဆိုပြီး ဖြစ်သွားတယ်။အစိုးရအဖွဲ့က တာဝန်ရှိသူတွေက ကုမ္ပဏီတချို့နဲ့ ဆွေးနွေးနေတာ ရှိတယ်လို့ ပြောတယ်။ အတိအကျတော့ သေချာမသိသေးဘူး။ ဘယ်တော့လောက်စနိုင်မလဲ မေးတာလည်း သေချာမဖြေနိုင်ကြသေးဘူး"ဟု ဒေါ်ကြည်ပြာက ပြောသည်။
လက်ရှိတွင် ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်ဖြစ်သည့် ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာနှင့် လမ်းမတော် မြို့နယ်များတွင် ကားပါကင်ရရှိရန် လွန်စွာခက်ခဲလျက်ရှိသည်။ အဆိုပါမြို့နယ်များတွင် လမ်းမကြီးများ၊ အတွင်းလမ်းများတွင် ယာဉ်အများစု ရပ်နားကြပြီး အခကြေးငွေနှင့် ယာဉ်ရပ်နားနိုင်သည့် ကားပါကင်များလည်း နည်းပါးနေသေးသည်။ ထို့ကြောင့် စနေ၊ တနင်္ဂနွေကဲ့သို့သော ရုံးပိတ်ရက်များတွင် ကားပါကင်အချို့မှာ ပြည့်နေတတ်ပြီး ယာဉ်ရပ်နားရန် အခက်အခဲကြုံတွေ့ရကြောင်း ယာဉ်ပိုင်ရှင် တစ်ဦးက ပြောသည်။
"ကားတစ်စီးက ရပ်ချင်ရင်တောင် ရပ်ဖို့နေရာမရှိတော့ ပတ်မောင်း နေရတာ။ ဒီတော့ ဆီကုန်၊ အချိန်ကုန်ရုံတင်မကဘဲ နောက်ဆက်တွဲ အနေနဲ့ ယာဉ်ကြောကျပ်တည်းမှုကို ပိုဖြစ်ပေါ်စေတာပေါ့။ နေရာ မရှိလို့ နှစ်ထပ်ရပ်လိုက်တော့ နောက်ကကားတွေပါ အကုန်အခက်တွေ့ ကုန်ရော။ ဒီကားပါကင်ကြောင့်ပဲ ရန်တွေဖြစ်ကြ၊ ဆဲကြ၊ ဆိုကြတာတွေလည်း မနည်းတော့ဘူး။ အဖြေတစ်ခုခုတော့ ရှာသင့်နေပါပြီ"ဟုk Distinct Trading ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ကိုထွဋ်ထိပ်က ပြောသည်။
အများပြည်သူပိုင် အချို့လမ်းမများထက်တွင် ယာဉ်ရပ်နားခွင့် ပြုထားသည့်အတွက် အခကြေးငွေဖြင့် ယာဉ်ရပ်နားရန် မလိုလားမှုများလည်း ရှိနေသည်။
"လမ်းပေါ်မှာရပ်တဲ့ကားကတော့ အခကြေးငွေ ကောက်ကိုကောက်ရမှာပဲ။ လမ်းဆိုတာ သွားဖို့လာဖို့ အဓိကထား သုံးရမှာ။ လမ်းပေါ်မှာရပ်ဖို့ ပေးခဲ့ရင်တောင်မှ ပေးတဲ့အတွက် အခကြေးငွေကောက်ရမှာပဲ။ ပိုက်ဆံမကောက်ဘဲ ရပ်ချင်သလို ရပ်ကြဆိုရင်တော့ ဘယ်သူကမှ ကားပါကင်ကြီးတွေ ဆောက်ကြမှာ မဟုတ်ဘူး"ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင် ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ တွဲဖက် အတွင်းရေးမ·းဟောင်းဖြစ်သူ ဦးသန်းဝင်းက ပြောသည်။
ကားရပ်နားသည့်အခါ ထိုက်သင့်သော အခကြေးငွေပေးဆောင်ရမည်ဖြစ်ကြောင်း၊ သို့မှသာ စနစ်ကျမှုကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကားပါကင်ကြေး ကောက်ခံသည့်စနစ် ပြန်လည်ဆောင် ရွက်နိုင်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဆောင်ရွက်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဒုတိယတစ်နှစ်တာ လုပ်ငန်း ဆောင်ရွက်မှု သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
"သတ်မှတ်ထားတဲ့ ယာဉ်ရပ်နားရာနေရာတွေမှာတော့ အခကြေးငွေကောက်သင့်တယ်။ အဲဒီအတွက်လည်း လုံလုံလောက်လောက် ကားပါကင်နေရာ ရှိသင့်တယ်။ လူထူထပ်တဲ့နေရာတွေမှာ ကားပါကင် သီးသန့်အဆောက်အအုံတွေ စနစ်တကျထားသင့်တယ်။ အခုက အရေးတကြီးဆို ဒုက္ခတော်တော်ရောက်တယ်။ ကားပါကင်တွေ အကုန်ပြည့်နေလို့ ပတ်ရှာရတယ်။ ကိုယ်ပိုင်ကားမောင်းတဲ့သူတွေ တစ်ယောက်တည်း သွားလာလှုပ်ရှားလို့မရဘူး။ အဖော်တစ်ယောက် လောက်တော့ ပါမှရတယ်။ သူ့ကို သွားမယ့်နေရာမှာ အရင်ချပေးပြီး ပါကင်ကို တခြားတစ်ယောက်က ပတ်ရှာရတယ်"ဟု Grand Central ကုမ္ပဏီပိုင်ရှင် မဝင်းသီရိထက်က ပြောသည်။
ယခင်က အဆောက်အအုံများ ဆောက်လုပ်ရာတွင် ကားပါကင်နေရာအတွက် ထည့်သွင်းတည်ဆောက်လေ့ မရှိသော်လည်း နောက်ပိုင်းတွင် ထည့်သွင်းတည်ဆောက်မှုများ ရှိလာသည်။
အထပ် ၂၃ ထပ်ရှိပြီး ရုံးခန်းနှင့် လက်လီရောင်းချသည့် ဆိုင်ခန်းများ ပါဝင်သည့် ဆူးလေစကွဲတွင် မိုးလုံလေလုံ ယာဉ်ရပ်နားသည့်နေရာများ ထည့်သွင်းဆောက်လုပ်ထားပြီး အဆိုပါနေရာတွင် ကားစီးရေ ၅၅၀ အထိ ရပ်နားနိုင်ကြောင်း သိရသည်။ ထို့ပြင် ဗိုလ်ချုပ်ဈေးအနီးရှိ ဂျန်းရှင်းစီးတီး အဆင့်မြင့်အဆောက်အအုံတွင်လည်း ယာဉ်စီးရေ ၁၅၀ ကျော်အထိ ရပ်နားနိုင်သည့် ကားပါကင် ထည့်သွင်းတည်ဆောက်ထားသည်။ အလားတူ မြန်မာပလာဇာ၊ စီးတီးမော စသည့် ရှော့ပင်းစင်တာများတွင်လည်း ကားရပ်နား နိုင်သည့်နေရာများ ပါရှိပြီး ကားအစီးရေ တော်တော်များများ ရပ်နားနိုင်သည်။
"ကားပါကင်နဲ့ပတ်သက်ပြီး အခကြေးငွေ ပေးရမယ်ဆိုတဲ့ အလေ့အထမရှိတာကလည်း ပါတာပေါ့။ အများစုက အခမဲ့ပဲ ရပ်နေကြတယ်။ ပုဂ္ဂလိက ကားပါကင်က စီးပွားဖြစ်လည်း မလုပ်နိုင်ကြသလို ထားမယ့်သူလည်းမရှိဘူး။ ဆာကူရာတာဝါတို့၊ ဆူးလေစကွဲတို့မှာ ကားပါကင်ရှိတယ်။ တစ်နာရီ ကျပ် ၅၀ဝ ဆိုတော့ မထားချင်ကြဘူး။ အများပြည်သူ အသွားအလာများတဲ့ နေရာတော်တော်များများမှာ ဆောက်လုပ်ပေးသင့်တယ်လို့ မြင်တယ်။ သက်ဆိုင်ရာ၊ ဌာနဆိုင်ရာပိုင်တဲ့မြေတွေမှာ ညှိနှိုင်းပြီးတော့လုပ်တာ ကောင်းတယ်လို့ မြင်တယ်"ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဒေါက်တာစိုးထွန်းက ပြောသည်။
ဌာနဆိုင်ရာပိုင်မြေများ ရှိနေသော်လည်း ဌာနချင်း ဆက်သွယ်ညှိနှိုင်းမှု အားနည်း သည့်အတွက် အဆိုပါနေရာများတွင် ကားပါကင် တည်ဆောက်ရေးမှာ အလှမ်းဝေးနေဆဲ ဖြစ်သည်။
"ကားပါကင်က လုပ်ရမှာပဲ။ ပါကင်နေရာ ဖန်တီးပေးနိုင်မယ့် အထပ်မြင့် အဆောက်အအုံတစ်ခု ဆောက်ပြီးလုပ်ပေးနိုင်ရင် ကောင်းပေမဲ့ မြို့ထဲမှာ အဲဒီလိုနေရာမျိုးက အဆင်ပြေပြေမရှိတာနဲ့၊ တချို့ဌာနဆိုင်ရာပိုင် အဆောက်အအုံတွေရှိပေမဲ့ ဌာနအချင်းချင်းလွှဲပြီးတော့ လုပ်ပေးဖို့ဆိုတာ မြန်မာနိုင်ငံရဲ့ ဌာနအချင်းချင်း ဆက်ဆံရေးကလည်း အားနည်းတယ်။ ကိုယ့်ဌာနပိုင်ထားတဲ့ဟာကို နောက်တစ်ဌာနသုံးဖို့ လွှဲပြောင်းပေးတာမျိုး အလေ့အထမရှိဘူး။ မြို့ထဲမှာရှိတဲ့နေရာတွေကလည်း ကားပါကင် လုပ်လောက်အောင် အဆင်မပြေတော့ဘူး။ ကားပါကင်ကတော့ စနစ်တကျ သေသေချာချာလုပ်ရမယ်"ဟု ဒေါ်ကြည်ပြာက ပြောသည်။
ကိုယ်ပိုင်ကားပါကင်မရှိဘဲ ညပိုင်းများတွင် လမ်းပေါ်၌ ကားအရပ်အများဆုံးနေရာ၊ မနက်ပိုင်းနှင့် ညနေပိုင်း ကားအရှုပ်ဆုံးအချိန်များတွင် လမ်းပေါ် ကားအများဆုံး ရပ်သည့်နေရာများကို လေ့လာကာ အဆိုပါနေရာများတွင် ကားပါကင်များ စနစ်တကျ ပြုလုပ်သင့်ကြောင်း၊ အချိန်နှင့်နေရာကိုလိုက်ကာ ပိုက်ဆံကောက်သင့်ကြောင်းလည်း ဦးသန်းဝင်းက အကြံပြုထားသည်။
Credit: The Myanmar Times